၁၃. ၉. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ရွေးကောက်ပွဲတွင် ပြည်ပရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ ၂၀ ဝန်းကျင်ကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၁ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။
“အကြမ်းဖျင်းအားဖြင့်တော့ ၂၀ ဝန်းကျင် လောက်ရှိပါတယ်။ အဲဒါတွေကို ကျွန်တော်တို့ ဖိတ်ကြားပြီးတော့မှ ဒီဟာတွေကို စောင့်ကြည့်လေ့လာနိုင်အောင် ကျွန်တော်တို့ စီစဉ်ပေးဖို့လည်း အစီအစဉ်တွေ ရေးဆွဲထားတာရှိပါတယ်။ ဆိုရရင်တော့ ပြည်ပရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များကို ကျွန်တော်တို့အနေနဲ့ သတ်မှတ်ချက်နဲ့အညီ ဖိတ်ကြားပြီးတော့ ခွင့်ပြုသွားမှာဖြစ်ကြောင်း ဖြေလိုပါတယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။

ရွေးကောက်ပွဲတစ်ခုအား တရားမျှတမှု၊ အများယုံကြည်မှု ရွေးကောက်ပွဲဖြစ်စေရန် ရည်ရွယ်ပြီး စောင့်ကြည့်လေ့လာရေး အစီအစဉ်များနှင့် ဆောင်ရွက်ခဲ့သည့် အစဉ်အလာများရှိသည်။ ထို့ကြောင့် ၂၀၂၅ ရွေးကောက်ပွဲအား လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိပြီး အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲဖြစ်စေရန် ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဖိတ်ကြားသွားမည့် အဖွဲ့အစည်းများတွင် သံတမန်ရေးရာတွင် နိုင်ငံ့ကိုယ်စား ဆောင်ရွက်နေသည့် မြန်မာနိုင်ငံအတွင်းရှိ သံရုံး/ကောင်စစ်ဝန်ရုံးအားလုံး၊ နိုင်ငံတကာအစိုးရများ၊ Electoral Management Body (EMB) ဆိုသည့် ကော်မရှင်အဖွဲ့များနှင့် အခြားသောအဖွဲ့အစည်းများ ပါဝင်ကြောင်း သိရသည်။
ရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာမည့် အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များ ထုတ်ပြန်ပေးမည်ဖြစ်ပြီး ၎င်းအဖွဲ့အစည်းများအနေဖြင့် သတ်မှတ်ချက်နှင့်အညီ လျှောက်ထားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း UEC က ဖြေကြားထားသည်။
