




၁၂.၉.၂၀၂၅
Written By Thandar
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၃×၃၆လမ်းထောင့်ရှိ COVER ကလပ်မှာ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို တီးခတ်ခဲ့တဲ့ DJ Violet ကို ထိန်းသိမ်းလိုက်သလို ကလပ်ကို ချိပ်ပိတ်ကာ ဝန်ထမ်းတချို့ပါ ဖမ်းဆီးထားတယ်လို ရပါတယ်။
DJ Violet က “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဓမ္မတေးကို မန္တလေးမြို့က COVER ကလပ်မှာ DJ ဖွင့်ခဲ့တာကြောင့် အခုလို စစ်ဆေး အရေးယူခံရတာပါ။
“ဒီကလေးမလေးကို စစ်ဆေးမေးမြန်းဖို့ ခေါ်သွားတယ်လို့ သိရတယ်။ မန္တလေးက COVER ကလပ်ကိုတော့ ချိပ်ပိတ်ပြီး ဝန်ထမ်း ၈ ဦးလောက်ကို စစ်ဆေးမေးမြန်းဖို့ ဖမ်းသွားပါတယ်။ ဘယ်လိုပုဒ်မတွေနဲ့ အမှူဖွင့်မလဲတော့ သေချာ မသိသေးပါဘူး” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
DJ Violet ကိုတော့ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်က နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဘာသာသာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။
DJ Violet အနေနဲ့ ဗုဒ္ဓံသရဏံဂစ္ဆာမိသီချင်းကို ကလပ်မှာ ဖွင့်လှစ် တီးခတ်ခဲ့တဲ့အပေါ် Facebook , TikTok တွေမှာပါ ဝေဖန်ခံရတာကြောင့် သင်္ဃန်းကျွန်းမြို့နယ်က မြို့နယ်သံဃာနာယကအဖွဲ့ထံ စက်တင်ဘာ ၁၁ ရက်နေ့က ဝန်ချတောင်းပန်ခဲ့သလို လူမှုကွန်ရက်ကလည်း ပြန်လည်တောင်းပန်ခဲ့တာပါ။
“ဗုဒ္ဓဓမ္မတေး DJ remix လုပ်ထားတဲ့သီချင်းကို စင်မြင့်ပေါ်တွင် ဖွင့် က, ခုန်ခဲ့တဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ စိတ်နှလုံးမချမ်းမြေ့ဖြစ်ခဲ့ရလို့ ညီမက ယနေ့အချိန်ထိ ဘာသာ သာသနာပေါ်ချစ်မြတနိုးပြီး နေ့စဉ် ယုံကြည်ကိုးကွယ်နေသူဖြစ်ပါလျက်နဲ့ ယခုလို အဖြစ်မျိုးကို ကြုံခဲ့ရအတွက် လွန်စွာ စိတ်ထိခိုက်ရပါတယ်ရှင့်။ မိမိအပြစ်ထင်ရှားတဲ့အတွက် ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာများနှင့် ဗုဒ္ဓဘာသာဝင်ပြည်သူများ အားလုံးကို အနူးအညွတ် ဝန်ချတောင်းပန်အပ်ပါတယ်ရှင့်။ သက်ဆိုင်ရာ သံဃာတော်အဖွဲ့အစည်းများနဲ့ တောင်းပန်အပ်သူများအားလုံးထံသို့လည်း ဆက်လက်တောင်းပန်သွားမှာဖြစ်ပါတယ်ရှင့်။ ဘဝမှာ ပြင်လို့မရတဲ့ အမှားတစ်ခုကို ကျူးလွန်မိခဲ့သည့်အတွက်လည်း နောင်တများစွာ ရခဲ့ရပါတယ်ရှင့်။ တောင်းပန်အပ်သူများအားလုံးကို တောင်းပန်ပါတယ်ရှင့် ”လို့ DJ Violet က ပရိသတ်သိအောင် ပြန်လည်တောင်းပန်ခဲ့ပါသေးတယ်။
