သတိုး
၁၂. ၉. ၂၀၂၅
ရွေးကောက်ပွဲအနိုင်ရ အယ်လ်ဘေးနီးယားခေါင်းဆောင်က သူရဲ့ ဝန်ကြီးအဖွဲ့သစ်မှာ အများပြည်သူဆိုင်ရာ ရန်ပုံငွေစီမံကိန်းတွေ ဆောင်ရွက်တာနဲ့ အများပြည်သူ တင်ဒါတွေမှာ အဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့ တာဝန်ယူမယ့် ဉာဏ်ရည်တု (AI) “ဝန်ကြီး” တစ်ဦး ထည့်သွင်းထားတယ်လို့ ဒီ သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
အယ်လ်ဘေးနီးယားခေါင်းဆောင်ဖြစ်တဲ့ ဝန်ကြီးချုပ် အီဒီ ရာမာက သူ့ရဲ့ AI ဝန်ကြီးကို Diella လို့ အမည်ပေးထားပြီး အယ်လ်ဘေးနီးယားဘာသာစကားအရ Diella ဟာ “နေမင်း”လို့ အဓိပ္ပာယ်ရသလို Diella ဟာ ရုပ်ပိုင်းဆိုင်ရာအရ မရှိပေမဲ့ AI က ဖန်တီးထားတဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Diella က အများပြည်သူ တင်ဒါတွေမှာ အဂတိလိုက်စားမှုကနေ ၁၀၀ ရာခိုင်နှုန်း ကင်းရှင်းစေဖို့ အထောက်အကူပြုမယ်လို့လည်း ရာမာက ပြောကြားခဲ့ပါတယ်။
Diella ကို ဒီနှစ်အစောပိုင်းက e-Albania အများပြည်သူဝန်ဆောင်မှု ပလက်ဖောင်းပေါ်မှာ ရိုးရာအယ်လ်ဘေးနီးယားဝတ်စုံဝတ်ဆင်ထားတဲ့ Virtual assistant အဖြစ် မိတ်ဆက်ခဲ့ပြီး သုံးစွဲသူတွေက ဝက်ဘ်ဆိုက်ကို အသုံးပြုနိုင်ဖို့ ကူညီပေးခဲ့တာကနေ လက်ရှိမှာတော့ AI ဝန်ကြီးအဖြစ် အဆင့်တက်လာခဲ့တာပါ။
ရာမာရဲ့ ဆိုရှယ်လစ်ပါတီဟာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ ပါလီမန်ရွေးကောက်ပွဲမှာ နေရာ ၁၄၀ အနက် ၈၃ နေရာ အနိုင်ရရှိခဲ့ပြီး စတုတ္ထအကြိမ်မြောက် အစိုးရသက်တမ်းကို ဆက်လက်ထိန်းသိမ်း နိုင်ခဲ့ပါတယ်။ ရာမာရဲ့ ပါတီဟာ အစိုးရဖွဲ့နိုင်ပြီး ဥပဒေအများစုကို အတည်ပြုနိုင်ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲဖို့အတွက်တော့ သုံးပုံနှစ်ပုံ (၉၃ နေရာ) လိုအပ်ပြီး ဒီအဆင့်အထိတော့ အနိုင်မရရှိခဲ့ပါဘူး။
အာဏာရဆိုရှယ်လစ်ပါတီ (Socialist Party) ဟာ အယ်ဘေးလ်နီးယားကို EU အဖွဲ့ဝင်ဖြစ်ဖို့ ဆွေးနွေးနေမှုတွေက ၂၀၂၇ ခုနှစ်မှာ ပြီးဆုံးမှာဖြစ်ပြီး ၅ နှစ်အတွင်း အယ်လ်ဘေးနီးယားကို EU အဖွဲ့ဝင်ဖြစ်စေမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒီကတိကို အတိုက်အခံ ဒီမိုကရက်တွေက သံသယရှိခဲ့ပြီး အယ်လ်ဘေးနီးယားဟာ EU အဖွဲ့ဝင်အဖြစ် ပြင်ဆင်ဖို့ အလှမ်းဝေးနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်းနဲ့ သမ္မတဟောင်း ဆာလီ ဘာရီရှာဦးဆောင်တဲ့ ရှေးရိုးစွဲ ဒီမိုကရက်တစ်ပါတီဦးဆောင်ညွန့်ပေါင်းအဖွဲ့က ရွေးကောက်ပွဲမှာ နေရာ ၅၀ ရရှိခဲ့ပေမဲ့ ရွေးကောက်ပွဲရလဒ်တွေကို အတည်မပြုခဲ့ဘဲ မူမမှန်မှုတွေရှိခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ဒီလိုဆိုခဲ့ပေမယ့်လည်း ပါလီမန်အစည်းအဝေးသစ်မှာတော့ ပါဝင်ခဲ့ပြီး ကျန်ရှိတဲ့နေရာတွေဖြစ်တဲ့ ရွေးကောက်ပွဲနေရာ ခုနစ်ခုကိုတော့ ပါတီငယ်လေးခုက ရရှိခဲ့ပါတယ်။
ဒီလိုမျိုး AI ဝန်ကြီးခန့်အပ်မှုအပေါ် ဥပဒေရေးရာ ကျွမ်းကျင်သူတွေက Diella ရဲ့ တရားဝင်အဆင့်အတန်းကို သတ်မှတ်ဖို့ အလုပ်ပိုမိုလုပ်ပြနိုင်ဖို့လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
၁၉၉၀ ပြည့်နှစ်မှာ ကွန်မြူနစ်အစိုးရပြုတ်ကျပြီးနောက် အဂတိလိုက်စားမှုဟာ အယ်လ်ဘေးနီးယားနိုင်ငံရဲ့ ထိပ်တန်းပြဿနာတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။
ပါလီမန်ကတော့ ဒီသောကြာနေ့မှာ လွှတ်တော်အမတ်သစ်တွေ ကျမ်းသစ္စာကျိန်ဆိုခြင်း လုပ်ငန်းစဉ်ကို စတင်ခဲ့ပါတယ်။ ဒီနေ့နှောင်းပိုင်းမှာပဲ လွှတ်တော်အမတ်တွေက လွှတ်တော်ရဲ့ ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌအသစ်တွေကို ရွေးကောက်တင်မြှောက်ပြီး ရာမာရဲ့ဝန်ကြီးအဖွဲ့သစ်ကို တရားဝင်စေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
“ AI ဝန်ကြီး Diella အကြောင်း တစ်စေ့တစ်စောင်း”

အယ်လ်ဘေးနီးယားနိုင်ငံဟာ ကမ္ဘာ့ပထမဆုံး ဉာဏ်ရည်တု (AI) ဝန်ကြီးဖြစ်တဲ့ Diella ကို ခန့်အပ်ခြင်းနဲ့ သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူလိုက်ပါပြီ။ ဒီလို ဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ်အီဒီ ရာမာက သူ့ရဲ့ စတုတ္ထမြောက်သက်တမ်းကို စတင်တော့မှာဖြစ်လို့ ဒီလို ချမှတ်ခဲ့တာပါ။ Diella ဟာ နိုင်ငံအတွင်းက အစိုးရနဲ့ပတ်သက်တဲ့ လုပ်ငန်းအားလုံးကို ကြီးကြပ်ပေးသွားမှာပါ။ ဒီဆုံးဖြတ်ချက်ကို တီရာနာမြို့ (Tirana) မှာ ကျင်းပခဲ့တဲ့ ဆိုရှယ်လစ်ပါတီညီလာခံမှာ မနေ့က ကြေညာခဲ့ပြီး ရာမာဟာ သူ့ရဲ့ နောက်သက်တမ်းအတွက် ဝန်ကြီးအဖွဲ့ဝင်အသစ်တွေကိုလည်း ထုတ်ဖော်ခဲ့ပါတယ်။
ဒီဂျစ်တယ်အုပ်ချုပ်ရေး
Diella ဟာ ဗျူဟာကျတဲ့ အဖွဲ့အစည်းတစ်ခုပါ။ အယ်လ်ဘေးနီးယားဘာသာစကားနဲ့ “နေမင်း” လို့ အဓိပ္ပာယ်ရတဲ့ Diella ဟာ AI အတွက် ဝန်ကြီးတစ်ဦးသက်သက် မဟုတ်ဘဲ Pixels နဲ့ Code တွေနဲ့ ဖန်တီးထားတဲ့ ဗျူဟာကျတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။ သူမဟာ အစိုးရက ပုဂ္ဂလိကကုမ္ပဏီတွေကို ပရောဂျက်အမျိုးမျိုးအတွက် ငှားရမ်းတဲ့ အစိုးရတင်ဒါအားလုံးကို စီမံခန့်ခွဲပြီး ချီးမြှင့်ပေးသွားမှာပါ။ ရာမာက သူမကို “ကိုယ်ခန္ဓာအားဖြင့် ရှိမနေဘဲ AI ကနေ Virtual အနေနဲ့ ဖန်တီးထားတဲ့ ပထမဆုံးဝန်ကြီးအဖွဲ့ဝင်” အဖြစ် ဖော်ပြခဲ့ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး
အယ်လ်ဘေးနီးယားကို ‘အဂတိကင်းရှင်းတဲ့’ နိုင်ငံဖြစ်ဖို့ ခြေလှမ်းတစ်လှမ်း Diella ကို ခန့်အပ်တာဟာ အယ်လ်ဘေးနီးယားကို “အစိုးရတင်ဒါတွေမှာ ၁၀၀ ရာခိုင်နှုန်း အဂတိကင်းရှင်းတဲ့ နိုင်ငံ” ဖြစ်စေဖို့အတွက် အဓိကခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ရာမာက ပြောကြားခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တာဟာ အယ်လ်ဘေးနီးယားမှာ အထူးသဖြင့် အစိုးရအုပ်ချုပ်ရေးနဲ့ ဝယ်ယူရေးပိုင်းတွေမှာ အချိန်ကြာမြင့်စွာ အဂတိလိုက်စားမှုတွေနဲ့ ရုန်းကန်နေရချိန်မှာ ပေါ်ပေါက်လာတာပါ။ ဥရောပသမဂ္ဂကလည်း ဒီပြဿနာတွေကို နှစ်စဉ်ထုတ်ပြန်တဲ့ ဥပဒေရေးရာ အစီရင်ခံစာတွေမှာ ထပ်ခါတလဲလဲ သတိပေးခဲ့ပါတယ်။
ဝန်ဆောင်မှုများ
Diella ဟာ e-Albania ပလက်ဖောင်းကို အရင်ကတည်းက စွမ်းဆောင်နေပြီ Diella ဟာ အယ်လ်ဘေးနီးယားပြည်သူတွေအတွက် မစိမ်းပါဘူး။ ဘာလို့လဲဆိုတော့ သူမဟာ နိုင်ငံရဲ့ e-Albania ပလက်ဖောင်းကို အရင်ကတည်းက စွမ်းဆောင်ပေးနေလို့ပါ။ ဒီပလက်ဖောင်းဟာ အစိုးရဝန်ဆောင်မှုအားလုံးနီးပါးကို ဒစ်ဂျစ်တယ်စနစ်နဲ့ ရယူနိုင်ဖို့ ပံ့ပိုးပေးပါတယ်။ ရိုးရာအယ်လ်ဘေးနီးယားဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသမီးငယ်တစ်ဦးအဖြစ် ပေါ်လာတဲ့ Diella ဟာ အသုံးပြုသူတွေနဲ့ အသံစနစ်နဲ့ အပြန်အလှန်ဆက်သွယ်ပြီး လျှပ်စစ်တံဆိပ်တုံးပါတဲ့ စာရွက်စာတမ်းတွေကို ထုတ်ပေးတာကြောင့် အုပ်ချုပ်ရေးဆိုင်ရာ ကြန့်ကြာမှုတွေကို လျှော့ချပေးပါတယ်။
စိုးရိမ်မှုများ
အွန်လိုင်းအသုံးပြုသူတွေက သူမရဲ့ ထိရောက်မှုအပေါ် သံသယရှိကြပြီး Diella ဟာ တင်ဒါတွေကို အကဲဖြတ်ကာ “တစ်ကမ္ဘာလုံးက ပါရမီရှင်တွေကို ခေါ်ယူနိုင်ခွင့်” ရှိသလို “အုပ်ချုပ်ရေးပိုင်းက ဘက်လိုက်မှုနဲ့ တင်းမာမှုတွေကိုလည်း ဖြိုခွဲပေးနိုင်” မှာပါ။ ဒါပေမဲ့ တချို့ကတော့ သူမရဲ့ ထိရောက်မှုအပေါ် သံသယဝင်နေကြဆဲပါ။ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတစ်ဦးက “Diella တောင်မှ အယ်လ်ဘေးနီးယားမှာ အဂတိလိုက်စားသွားမှာပါ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ နောက်တစ်ဦးကတော့ “ခိုးယူမှုတွေက ဆက်ဖြစ်နေမှာဖြစ်ပြီး အပြစ်ကို Diella ကိုပဲ လွှဲချလိမ့်မယ်” လို့ ပြောဆိုခဲ့ပါတယ်။
Ref, AP & News Bytes
