◾️ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားသူသည် ပြည်တွင်း၌ဖြစ်ပါက လိုက်လံရှာဖွေဖမ်းဆီးပြီး အမှုဖွင့်မည်
၁၂. ၉. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားရန် ပြောဆိုရေးသားနေသည့် KNU ဥက္ကဋ္ဌနှင့် AA ပြောရေးဆိုခွင့်ရှိသူတို့အား ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်စီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့် အရေးယူရမည်ဖြစ်၍ ပြည်ထဲဝန်ကြီးဌာနက တိုက်ရိုက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဖြေကြားခဲ့သည်။
အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းအဖြစ် ကြေညာခံထားရသည့် KNU ဥက္ကဋ္ဌ စောကွယ်ထူးဝင်း၊ AA အကြမ်းဖက်အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခတို့က ယခုရွေးကောက်ပွဲကို နှောင့်ယှက်ရန် ပြောဆိုနေမှုများရှိမှုအပေါ် အမှုဖွင့် ဆောင်ရွက်ထားပါလားနှင့် မဆောင်ရွက်ရသေးပါက ဆောင်ရွက်ရန် အစီအစဉ်ရှိမရှိနှင့် ပတ်သက်ပြီး မီဒီယာများက မေးမြန်းမှုအပေါ် UEC က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“အရေးယူဖို့ကိစ္စကတော့ ဥပဒေကတော့ရှိပြီးသားပါ။ မကြာသေးမီက ထွက်ထားတာ။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဆိုပြီး မကြားသေးမီက ထွက်ထားတာပါ။ ရည်ရွယ်ချက်ကတော့ ရွေးကောက်ပွဲကို ကာကွယ်ဖို့ပေါ့။ အဲဒီတော့ ဟိုတလောကပဲ အွန်လိုင်းမှာ ပြောတဲ့တစ်ယောက်ကို အရေးယူထားပြီးပြီ။ ဒီဟာမျိုးဆို ဒီပုဂ္ဂိုလ်တွေလည်း ဒီဥပဒေနဲ့ပဲ အရေးယူမှာပါ။ ဒီဥပဒေကလည်း ကျွန်တော်တို့ ရွေးကောက်ပွဲဥပဒေမှာလည်း ပြစ်မှုပြစ်ဒဏ်တွေပါပြီးသားပါ။ ပြင်းထန်တာကတော့ ဒီနောက်ထုတ်တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေက ပိုပြီးတော့ ပြစ်မှုပြစ်ဒဏ် ပိုပြင်းထန်တယ်။ အဲဒီတော့ ဒီဟာကို ကိုင်တွယ်မှာက ပြည်ထဲရေးဝန်ကြီးဌာနက ကိုင်တွယ်ရမှာပဲ။ ရွေးကောက်ပွဲဥပဒေနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ဆီက ကိုင်တွယ်တာပေါ့။ အခုပြောတဲ့ဟာတွေက နောက်ထုတ်တဲ့ ဥပဒေနဲ့ပဲ သွားငြိတာပေါ့။ ဒါကို ပြည်ထဲရေးဝန်ကြီးဌာနကပဲ အမှုဖွင့်တာတို့ဘာတို့ လုပ်ရမှာပေါ့။ အဲဒါကြောင့် ဒီဟာနဲ့ ပတ်သက်ရင် ကျွန်တော်တို့ ပုဒ်မ ၁၆ တို့ ၁၇ တို့ဆိုရင် ထောင် ၃ နှစ်ကနေ ၇ နှစ်အထိ ချလို့ရတဲ့ ပြစ်ဒဏ်တွေဖြစ်တာ တွေ့ရပါတယ်။ အဲတွေကတော့ ပြည်ထဲရေးဝန်ကြီးဌာနကပဲ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖြေကြားလိုပါတယ်” ဟု UEC က ဖြေကြားသည်။
ရွေးကောက်ပွဲကျင်းပမည့်ရက်အား ကြေညာခဲ့ပြီးနောက် ပြည်ပထွက်ပြေးသူများနှင့် Exile မီဒီယာများက နှောင့်ယှက်ဟန့်တားရန် လုပ်ဆောင်နေကြပြီး ယင်းအခြေအနေများကို အကြောင်းပြုကာ ပြည်တွင်း၌ပါ လှုံ့ဆော်လာပါက မည်ကဲ့သို့ စနစ်တကျ အရေးယူမည်နည်းဟု မေးမြန်းမှုနှင့် ပတ်သက်ပြီးလည်း ပြည်တွင်း၌ ဖြစ်ပွားသည့် ပြစ်မှုများကို လိုက်လံဖမ်းဆီးအရေးယူသွားမည်ဟုပါ UEC က ဖြေကြားခဲ့သည်။
“အဲဒါတွေ (ပြည်ပမီဒီယာတွေ) ကတော့ ပြည်တွင်းမှာမဟုတ်တဲ့အတွက် သက်သေအထောက်အထား ခိုင်လုံစွာနဲ့ ဖွင့်ရမှာကိုး။ ကျွန်တော်တို့ ဒီအွန်လိုင်းပြောတာလောက်နဲ့ မရဘူး။ ပြည်တွင်းမှာဆိုရင်တော့ လိုက်လံရှာဖွေဖမ်းဆီးပြီးတော့ အမှုဖွင့်ပါမယ်။ ဥပမာ ကျွန်တော်တို့ ဒေသတစ်ခုမှာပေါ့။ ကျွန်တော်တို့ ကော်မရှင်အဖွဲ့ခွဲပေါ့။ အဖွဲ့ခွဲတစ်ယောက်ကို PDF လိုဟာမျိုးတွေက ဖမ်းသွားတာမျိုးပေါ့။ ဖမ်းသွားပြီးတော့ အခုငွေကြေးယူပြီး ပြန်လွှတ်တဲ့သဘောရှိတယ်။ ဒါမျိုးဆို ဒီဥပဒေနဲ့ ကျွန်တော်တို့ ကိုယ်တိုင်ပဲအမှူဖွင့်ခိုင်းလိုက်တယ်။ သွားဖွင့်ဆိုပြီး။ ပြည်တွင်းမှာ ကျွန်တော်တို့ လုပ်နိုင်တာကိုတော့ သွားလုပ်ပါတယ်” ဟု UEC က ဖြေကြားသည်။
