၁၂.၉.၂၀၂၅
Written By Zun
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ AA စခန်းချရာ သရက်တပင်ကျေးရွာကို တပ်မတော်က ယနေ့ စက်တင်ဘာလ ၁၂ ရက်တွင် ဗုံးကြဲရှင်းလင်းခဲ့ကြောင်း သိရသည်။
“မိုးထ စောစော လို့ ပြောရမလား။သန်းခေါင်ကျော်လောက် ရှိမယ်။ ဗုံးချတာ။ အဲဒီရွာမှာ လူငယ် ကောင်မလေးတွေ၊ ကောင်လေးတွေက စာသင်တဲ့နေရာလည်း ရှိတော့ အဲဒီဘက်ကိုကျတာ။ စာသင်နေတာကလည်း AA က စီမံပြီး ဖွင့်ထားတဲ့ ကျောင်းပေါ့။ အဲဒီကျောင်းပေါ့။အဲဒီစာသင်သားတွေကလည်း AA တပ်သား သင်တန်းကို တက်ရတယ်။ တစ်ခုခုဖြစ်ရင် တပ်ဘက်က ချတယ်ပေါ့။ ဒါပေမဲ့ အခုဟာက AA ဘက်က လူသားဒိုင်းလို လုပ်နေတာ။ကိုယ်ပိုင်ကျောင်းဖွင့်တယ်ဆိုတာလည်း သူတို့က ဖွင့်ခိုင်းထားတာလေ။ အဲဒီဒေသမှာ AA က အုပ် ချုပ်နေတာ။ သူတို့က ထိန်းချုပ်ထားတယ်လေ။AA ဘက်က သတင်းတွေကို ဖတ်ကြည့်လေ။ကျောင်းသားအိပ်ဆောင်လို့ ရေးထားတာတွေ့လား။ အဲဒါကို ကြည့်လေ။ AA ရဲ့ ကျောင်း။ အဲဒီကျောင်းက။ တပ်သားအဖြစ် မွေးနေတဲ့ကျောင်း၊လူငယ်တွေကတော့ ဆယ်ကျော်သက်တွေ။ AA က အသုံးချနေတာ”ဟု MT News ၏ သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ AA အစီအမံဖြင့်ဖွင့်ထားသည့် ကျောင်းတွင် သရက်တပင်ကျေးရွာက လူငယ်များအပြင် ကျားနက်ကန်၊ လိပ်မ၊ ကျောက်ဆည်ပြင်၊ ရွာမပြင်၊ စေတီတောင် စသည့် ကျေးရွာများမှ လူငယ်များ ကျောင်းတက်နေကြကြောင်းနှင့် AA က လိုအပ်သည့်အခါ တပ်သားအဖြစ် စုဆောင်းရန် စစ်အခြေခံများကို သင်ပေးနေကြောင်းလည်း သိရသည်။
လက်ရှိတွင် ဒဏ်ရာရသူများအား AA ဆေးတပ်ဖွဲ့က ကုသပေးနေကြောင်း၊ သို့သော်လည်း AA အနေဖြင့် ဆေးဝါးလုံလောက်မှု မရှိသောကြောင့် အရေးပေါ်မကယ်ဆယ်နိုင်သည့်အတွက် သေဆုံးမှု ဆက်လက် ရှိနေကြောင်းလည်း သိရသည်။
တပ်မတော်အနေဖြင့် AA ထိန်းချုပ်ရာနေရာများကို လေကြောင်းဖြင့် ရှင်းလင်းလျက်ရှိရာ ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်ကလည်း ကျောက်တော်မြို့နယ်၊ ဇီးချောင်းတောင်တန်းကို ရှင်းလင်းခဲ့သေးကြောင်း သိရသည်။
