◾️ ယင်းကဲ့သို့ ဖြစ်စဉ်များကြုံပါက အချိန်၊ နေရာ၊ ဝန်ထမ်းအမည်နှင့် မည်မျှပေးခဲ့မှုများကို မျက်မြင်သက်သေများဖြင့် လက်မှတ်ထိုး တိုင်ကြားနိုင်ဟုပါ ဆို
၁၂. ၉. ၂၀၂၅
Written by Nyein Kyaw
တရားဝင်သတ်မှတ်နှုန်းထားအရ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အသစ် စတင်လျှောက်ထားပါက ၆ ကျပ်နှင့် ပျောက်ဆုံး/ပျက်စီး မိတ္တူလျှောက်ထားပါက ၁၀ ကျပ်ဖြင့်သာ ဆောင်ရွက်ပေးနေပြီး သတ်မှတ်နှုန်းထားအတိုင်းမဟုတ်ဘဲ ငွေကြေးတောင်းခံသည့် ဝန်ထမ်းများအား အရေးယူနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနက ယနေ့တွင် ဖြေကြားထားသည်။
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကုန်းသာအုပ်စု၊ ကုန်းသာကျေးရွာ စာသင်ကျောင်းတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မှတ်ပုံတင်မရှိသေးသူများနှင့် ပျောက်ဆုံးသူများအတွက် ဆောင်ရွက်ပေးရာတွင် မှတ်ပုံတင်အသစ် ပြုလုပ်လိုပါက ၂၆,ဝဝဝ ကျပ် ပေးရပြီး မှတ်ပုံတင်ပျောက်ပါက ၄၀,၀၀၀ ကျပ် ပေးရသည့်အတွက် ပိုက်ဆံမတတ်နိုင်သူများ မှတ်ပုံတင်ပြုလုပ်ရန် အခက်ကြုံနေကြောင်း ကျေးရွာနေပြည်သူ ဦးညွန့်ဝင်းမှ ပြောပြခဲ့မှုနှင့်ပတ်သက်၍ နေပြည်တော်ဟစ်တိုင်သတင်းဌာနမှ မေးမြန်းမှုအပေါ် ဝန်ကြီးဌာနက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“မိမိဝန်ကြီးဌာနအနေဖြင့် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြင့် တရားဝင်သတ်မှတ်ထားသော သတ်မှတ်နှုန်းထားဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ် စတင်လျှောက်ထားပါက ၆ ကျပ်၊ ပျောက်ဆုံး/ပျက်စီးသဖြင့် မိတ္တူလျှောက်ထားပါက ၁၀ ကျပ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယင်းကောက်ခံရရှိသည့်ငွေကြေးအား နိုင်ငံတော်ဘဏ္ဍာသို့ ပေးသွင်းရခြင်းဖြစ်ပါသည်။ သတ်မှတ်နှုန်းထားအတိုင်းမဟုတ်ဘဲ မိမိဆန္ဒအလျှောက် ငွေကြေး တောင်းခံသည့် ဝန်ထမ်းများအား ဖြစ်စဉ်စိစစ်၍ပေါ်ပေါက်ပါက နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်” ဟု ဝန်ကြီးဌာနက ဖြေကြားထားသည်။
သို့ဖြစ်ပါ၍ ဦးမြင့်ခိုင်၏ တင်ပြစာပါ မှတ်ပုံတင်အသစ်ပြုလုပ်ချိန်က ၂၆,ဝဝဝ ကျပ် ပေးရပြီး ပျောက်ပါက ၄ဝ,ဝဝဝ ကျပ် ပေးရသည်ဟု ပြောပြခဲ့မှုနှင့်ပတ်သက်၍ မည်သည့်အချိန် မည်သည့်နေရာတွင် ဝန်ထမ်းမည်သူ့ကို မည်မျှပေးခဲ့ရသည်ဟု နစ်နာသူ ဦးညွန့်ဝင်းအား ပြန်လည်မေးမြန်း၍ လက်မှတ်ရေးထိုးတင်ပြပေးရန်နှင့် စိစစ်၍ မှန်ကန်မှုရှိပါက တာဝန်ရှိသည့် ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းပါ ဝန်ကြီးဌာနက ပြန်လည်ဖြေကြားထားသည်။
