၁၂.၉.၂၀၂၅
Translated by Htwe Ko Tun
တရုတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့က နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ပြည်တွင်းသုံး ငွေကြေးတွေကို ပိုမိုအသုံးပြုတာကြောင့် လွယ်ကူချောမွေ့စေဖို့ ရည်ရွယ်ပြီး နှစ်နိုင်ငံ အရောင်းအဝယ်လုပ်ငန်းတွေမှာ ပြည်တွင်းသုံးငွေတွေနဲ့ ပေးချေရောင်းဝယ်မှု မူဘောင်တစ်ရပ်ကို နှစ်နိုင်ငံ ဗဟိုဘဏ်တွေက စက်တင်ဘာလ ၁၁ ရက်က တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။
မူဘောင်အသစ်က ဒီနှစ်မေလမှာလက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာကို အခြေခံထားတာပါ။ ငွေပေးချေမှုလက်ကျန်ပစ္စည်းများအားလုံးကို အကျုံးဝင်စေဖို့ ပြည်တွင်းသုံးငွေကြေးတွေရဲ့ ပေးချေမှုနယ်ပယ်ကို တိုးချဲ့ပြီး အရင်ရှိခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုမူဘောင်ကို အဆင့်မြှင့်တင်ခဲ့တာလည်း ဖြစ်ပါတယ်။။
စက်တင်ဘာလ ၁၁ ရက်မှာလည်း ဗဟိုဘဏ်နှစ်ခုရဲ့ အုပ်ချုပ်ရေးမှူးတွေက တရုတ်-အင်ဒိုနီးရှား နယ်စပ် ဖြတ်ကျော် QR ကုတ် အပြန်အလှန်ချိတ်ဆက်မှု စီမံကိန်းရဲ့ နှစ်လမ်းသွား စမ်းသပ်မှု စတင်တယ်လို့ ကြေညာခဲ့ပါတယ်။ ဒီစီမံကိန်းမှာ နှစ်နိုင်ငံ ပြည်တွင်းသုံး ငွေကြေးတွေနဲ့ ပေးချေ အရောင်းအဝယ် ပြုလုပ်နိုင်မှာဖြစ်ပြီး ၂၀၂၅ ခုနှစ်ထဲမှာပဲ အပြည့်အဝလည်ပတ်နိုင်မယ်လို့ ခန့်မှန်းထားတာပါ။
“နှစ်နိုင်ငံအပြန်အလှန်ငွေပေးချေမှုတွေအတွက် ပြည်တွင်းသုံးငွေကြေးနဲ့ပေးချေမှုမူဘောင် တည်ထောင်တာနဲ့ နယ်စပ်ဖြတ်ကျော် QR ကုဒ် ငွေပေးချေမှု အပြန်အလှန် ချိတ်ဆက်မှုဟာ တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံ ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးကြီးသော အောင်မြင်မှုတွေ ဖြစ်တယ်” လို့ တရုတ်ပြည်သူ့ဘဏ် (PBOC) ရဲ့ အုပ်ချုပ်ရေးမှူး ပန်ဂုန်ရှန် (Pan Gongsheng) က ပြောကြားခဲ့ပါတယ်။
သူက ဗဟိုဘဏ်နှစ်ရပ်ဟာ ငွေပေးချေမှုစနစ်ချိတ်ဆက်မှု၊ ပြည်တွင်းသုံးငွေအသုံးပြုမှုနဲ့ ဒစ်ဂျစ်တယ် ငွေကြေးကဲ့သို့သော နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆက်လက်ဆောင်ရွက်သင့်တယ်လို့ ဆက်လက်ပြောခဲ့ပါတယ်။
ဘဏ်နှစ်ခုဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေဖို့နဲ့ ပိုမိုနက်ရှိုင်းပြီး ခိုင်မာတဲ့ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို ပူးပေါင်းလုပ်ဆောင်မယ့် ယန္တရားတစ်ခုကိုလည်း ထူထောင်သွားမယ်လို့ PBOC မှ သိရပါတယ်။
Ref-Xinhua
