၁၂. ၉. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ရွေးကောက်ပွဲတွင် ယခင်ရွေးကောက်ပွဲကဲ့သို့ ကြိုတင်မဲများ မထပ်စေရန် ကြိုတင်မဲပေးသူများကို လက်သန်းမှင်တို့ မှတ်သားထားမည်ဖြစ်ပြီး တစ်ကြိမ်ထက် ပိုပေးသူများ ထောင်ဒဏ်တစ်နှစ်ထက်မပိုသော ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း ယမန်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပြောကြားသည်။
“ကြိုတင်မဲပေးမယ်ဆိုရင် သူတို့ကို ကျွန်တော်တို့က အခုဆိုရင် နှစ်ခါထပ်မပေးအောင် အရင်ဆိုရင် ကြိုတင်မဲပေးရင် လက်သန်း မှင်မတို့ဘူး။ အခုဆိုရင် ကြိုတင်မဲပေးတာနဲ့ကို လက်သန်းမှင်တို့တဲ့စနစ်လည်း လုပ်ထားတယ်။ နောက် စာရင်းဇယားတွေလည်း မဲပေးတဲ့စာရင်းတွေကို တစ်ခါတည်း ပုံစံ (၁) မဲစာရင်းမှာ တစ်ခါတည်း မှတ်သားထားမှာဖြစ်တဲ့အတွက် ဒီလူဟာ မဲပေးထားတဲ့အထောက်အထားရှိနေတဲ့အတွက် မဲရုံမှူးကလည်း လက်ခံမှာမဟုတ်ပါဘူး။ နောက် သူ့မှာလည်း အမှတ်အသား ကြိုတင်မဲပေးထားတဲ့ အမှတ်အသား၊ လက်သန်းမှာလည်း အမှတ်အသားကိုလည်း စစ်ဆေးမှာဖြစ်တဲ့အတွက် ကြိုတင်မဲတွေကို မထပ်အောင် သေချာစနစ်တကျ ဆောင်ရွက်ထားတယ်” ဟု UEC က ပြောကြားသည်။
ကြိုတင်မဲအား မဲပေးပိုင်ခွင့်တစ်ကြိမ်ထက် ပို၍ပေးသူများကို တွေ့ရှိပါက မည်ကဲ့သို့ အရေးယူမည်နည်းဟု မီဒီယာများ၏ မေးမြန်းမှုအပေါ် ယင်းကဲ့သို့ ဆောင်ရွက်သူများကို တွေ့ရှိပါက ရွေးကောက်ပွဲဥပဒေအရ ထောင်ဒဏ် တစ်နှစ်ထက်မပိုသော ပြစ်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်ကြောင်း UEC က ပြန်လည်ဖြေကြားခဲ့သည်။
“ကြိုတင်မဲပေးပြီးတော့မှ ထပ်ပြီးတော့ မဲရုံမှာ မဲပေးတဲ့သူကို တွေ့ခဲ့လို့ရှိရင် ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေရှိပါတယ်။ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ အခန်း (၁၃) ပေါ့။ အခန်း (၁၃)မှာ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ အဲဒီအခန်းရဲ့ ပုဒ်မ ၅၉ ပေါ့။ အဲဒီပုဒ်မ ၅၉ (ဆ)မှာ ရွေးကောက်ပွဲတစ်ခုခုမှာ မိမိဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ လွှတ်တော်မဲဆန္ဒနယ်အတွက် တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခြင်းပြုရင် တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေကျပ်တစ်သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြောထားပါတယ်” ဟု UEC က ပြောကြားသည်။
အဆိုပါ ရွေးကောက်ပွဲ ဥပဒေ အခန်း (၁၃) တွင် ပါရှိသည့် ပြစ်မှုပြစ်ဒဏ်များသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုများအား မြို့နယ်အသီးသီးတွင် ဖော်ထုတ်တွေ့ရှိခဲ့သည့် အတွေ့အကြုံများကို မူတည်ပြီး ပြဋ္ဌာန်းထားခြင်းကြောင်း သိရသည်။


