၁၂. ၉.၂၀၂၅.
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံက ဟွန်ဒိုင်းကုမ္ပဏီရဲ့ အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်မှာရှိတဲ့ စက်ရုံတစ်ခုကို အမေရိကန်အစိုးရက ကြီးမားလှတဲ့ လူဝင်မှု ကြီးကြပ်ရေး စစ်ဆေးစီးနင်းမှုတစ်ရပ်ကို ပြီးခဲ့တဲ့ရက်သတ္တပတ် အတွင်း ပြုလုပ်ခဲ့တာက တောင်ကိုရီးယားကုမ္ပဏီတွေအဖို့ အမေရိကန်မှာ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ တွန့်ဆုတ်သွားစေလိမ့်မယ်လို့ တောင်ကိုရီးယားသမ္မတ လီဂျေးမြွန်က စက်တင်ဘာလ ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
အဆိုပါစီးနင်းမှုမှာ တောင်ကိုရီးယားအလုပ်သမား ၃၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး သူတို့ကို ပြန်လွှတ်ပေးခဲ့လို့ ဒီနေ့ စက်တင်ဘာလ ၁၂ ရက်မှာ တောင်ကိုရီးယားကို ပြန်ရောက်လာကြမှာပါ။ သမ္မတ လီကတော့ အမေ ရိကန်အစိုးရအနေနဲ့ တောင်ကိုရီးယားအလုပ်သမားတွေအတွက် ပြည်ဝင်ခွင့်စနစ်ကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပေးဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။

တောင်ကိုရီးယားလုပ်ငန်းတွေအနေနဲ့ နိုင်ငံရပ်ခြားရှိ တောင်ကိုရီးယားစက်ရုံတွေ လည်ပတ်ရာမှာ ကူညီဖို့ အလုပ်သမားတွေပို့ပေးတာက ပုံမှန်အလေ့အထဖြစ်ပေမယ့် ခုလိုဖြစ်ရတာက အင်မတန်စိတ်ရှုပ်ထွေးစေ တယ်လို့ သမ္မတလီက သူ့ရဲ့ သမ္မတအဖြစ်တာဝန်ထမ်းဆောင်မှု ပထမရက် ၁၀၀ ပြည့် အထိမ်းအမှတ် သတင်းစာရှင်းပွဲမှာ ပြောခဲ့တာလို့ သိရပါတယ်။
ဒါ့ပြင် လီက “တကယ်လို့ အမေရိကန်အစိုးရအနေနဲ့ တောင်ကိုရီးယားအလုပ်သမားတွေကို ကြာရှည်နေ ထိုင်ဖို့ ခွင့်မပြုခဲ့ဘူးဆိုရင် အမေရိကန်မှာရှိတဲ့ တောင်ကိုရီးယားစက်မှုလုပ်ငန်းတွေအနေနဲ့ အခက်အခဲဖြစ် လာကြမယ်။ တောင်ကိုရီးယားအလုပ်သမားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာစနစ်အသစ်ကို အမေရိကန် အနေနဲ့ ဖန်တီးပေးဖို့လိုမယ်” လို့ ပြောခဲ့ပါတယ်။
တောင်ကိုရီးယားအစိုးရအနေနဲ့ တောင်ကိုရီးယားအလုပ်သမားတွေအတွက် အမေရိကန်အစိုးရကဆောင်ရွက်ပေးနိုင်မယ့် ပြည်ဝင်ခွင့်ဗီဇာနည်းလမ်းကွဲတွေကို ညှိနှိုင်းနေတယ်လို့လည်း သိရပါတယ်။
ဂျော်ဂျီယာပြည်နယ်မှာရှိတဲ့ ဟွန်ဒိုင်းစက်ရုံကို ပြီးခဲ့တဲ့ရက်သတ္တပတ်က လူဝင်မှုကြီးကြပ်ရေး စစ်ဆေးစီး နင်းမှု တစ်ရပ်ကို အမေရိကန်အစိုးရက ပြုလုပ်ခဲ့ရာမှာ စုစုပေါင်း လူ ၄၇၅ ဦးဖမ်းဆီးခဲ့ပြီး သူတို့မှာ ၃၀၀ ကျော်က တောင်ကိုရီးယားအလုပ်သမားတွေဖြစ်ကြပါတယ်။ အမေရိကန် အရာရှိတွေက တောင်ကိုရီးယား အလုပ်သမားတွေအနေနဲ့ ဥပဒေနဲ့ မညီဘဲ ဟွန်ဒိုင်းဘတ္ထရီစက်ရုံမှာ အလုပ်လုပ်နေကြတယ်လို့ ပြောခဲ့ကြပါတယ်။ ဒီစက်ရုံက အမေရိကန်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့စက်ရုံတွေထဲမှာ အကြီးမားဆုံးတစ်ခုလည်း ဖြစ်ပါတယ်။

ဟွန်ဒိုင်းစက်ရုံမှာ အတူအလုပ်လုပ်နေတဲ့ LG Energy Solution ကုမ္ပဏီက သူ့ရဲ့ အလုပ်သမားအများအ ပြားဟာ အဲဒီစက်ရုံမှာ ပြည်ဝင်ခွင့်ဗီဇာပုံစံအမျိုးမျိုး ဒါမှမဟုတ် ဗီဇာဖြေလျှော့မှုအစီအစဉ်အရ အလုပ်လုပ် နေကြတာလို့ ပြောခဲ့ပါတယ်။
အာရှတိုက်မှာ အမေရိကန်ရဲ့ အရင်းနှီးဆုံးမဟာမိတ်လည်းဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံဟာ အမေရိကန် အစိုးရရဲ့ ကုန်သွယ်စည်းကြပ်ခွန်ကို တစ်စိတ်တစ်ပိုင်းထေမိစေဖို့ အမေရိကန် ပြည်ထောင်စုမှာ ဒေါ်လာ ဘီလျံပေါင်းဆယ်ဂဏန်းနဲ့ချီလို့ ရင်းနှီးမြှုပ်နှံဖို့ ကတိပြုခဲ့ရတာပါ။
အခုလို အမေရိကန်မှာ တောင်ကိုရီးယားစက်ရုံကို ဝင်ရောက်စီးနင်းစစ်ဆေးကာ အလုပ်သမားတွေဖမ်းဆီးခဲ့မှုကို တောင်ကိုရီးယားမီဒီယာတွေကတော့ စိုးရိမ်ထိတ်လန့်ဖွယ်ဖြစ်ရပ်တစ်ခုအနေနဲ့ ရေးသားဖော်ပြခဲ့ကြပါတယ်။ အခုလို ဝင်ရောက်စီးနင်းချိန်က နှစ်နိုင်ငံ အစိုးရတွေအဖို့ အထိမခံတဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်ဖြစ်တော့ တောင်ကိုရီးယားအစိုးရအတွက် ပိုလို့ စိုးရိမ်မှုမြင့်တက်စေခဲ့တာပါ။
အမေရိကန်သမ္မတအိမ်ဖြူတော်ကတော့ ခုလိုဟွန်ဒိုင်းစက်ရုံစီးနင်းမှုကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို တားဆီးရာရောက်လိမ့်မယ်လို့ ပြောကြားချက်တွေကို ပယ်ချခဲ့ပါတယ်။ စက်တင်ဘာလ ၇ ရက်မှာတော့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအနေနဲ့ အမေရိကန်နိုင်ငံသားတွေကို ငှား ရမ်းလုပ်ကိုင်ကြဖို့ လူမှုကွန်ရက်မှာ ပြောခဲ့ပါသေးတယ်။ သူတို့အနေနဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကို လေးစားလိုက်နာရင် အမေရိကန်မှာ အလုပ်လုပ်ခွင့်ပေးမယ်လို့လည်း ထရမ့်ပ်က ပြောခဲ့ပါတယ်။
Ref- BBC
