၁၁. ၉. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော်၊ ဇေယျာသီရိမြိုနယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်သည့် ၂၀၁၁ ခုနှစ်မှစတင်၍ သစ်ပင်စိုက်ပျိုးပွဲများကို ကျင်းပပြီး သစ်ပင်များကို စိုက်ပျိုးခဲ့ကြောင်း၊ ထိုသို့ စိုက်ပျိုးခဲ့မှုများကြောင့် ယခုအခါ ရေဆင်းဆည်ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြေလျက်ရှိခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ယခင်က တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားအရာရှိကြီးများ အနေဖြင့်လည်း နေပြည်တော်သို့ ရောက်ရှိချိန်တွင် ၎င်းတို့ ယခင်ကစိုက်ပျိုးခဲ့သည့်သစ်ပင်များ ရှင်သန်ဖြစ်ထွန်းပြီး ပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှုကို ကြည့်ရှု၍ စိတ်ကြည်နူးချမ်းမြေ့ရသည်ကို မိမိကိုပြောကြားကြကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ယခုစိုက်ပျိုးသည့် သစ်ပင်များသည်လည်း နောင်အခါတွင် ရှင်သန်ဖြစ်ထွန်းပြီး သဘာဝပတ်ဝန်းကျင်ကို ယခုထက်ပိုမိုစိမ်းလန်းစိုပြေစေကာ မိမိတို့အတွက် အမှတ်တရဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သစ်ပင်စိုက်ပျိုးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အိမ်တိုင်း၊ လမ်းတိုင်း၊ ရပ်ကွက်တိုင်း သစ်ပင်စိုက်ပျိုးရန် မိမိအနေဖြင့်အမြဲ တိုက်တွန်းပြောကြားလျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ယခုအခါ စိမ်းလန်းစိုပြေသာယာမှုများမှာ အထိုက်သင့်ရှိလာပြီဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်တောသစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်း၊ စောင့်ရှောက်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဆိုပါက မိမိတို့၏ ဆောင်ရွက်မှုများသည် သားစဉ်မြေဆက်အထိ အကျိုးခံစားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

၂ဝ၁၁ ခုနှစ်မှ ၂ဝ၂၅ ခုနှစ် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ ရေဆင်းဆည်ပတ်ဝန်းကျင်၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂ဝ၈,၄၂၅ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်သည်။
တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၁၈၆,၃၁၂ ပင်ကို စုပေါင်းစိုက်ပျိုးပေးနိုင်ခဲ့ပြီး တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
