
၁၁.၉.၂၀၂၅
Written by KL
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့နယ် ၊တောင်ပေါ်(၅)အုပ်စု၊ နာကော်ရွာအကျော် တောင်ပေါ်တွင် သားနှင့်မြေးဖြစ်သူက ရိုက်နှက်ကာ နှစ်လကြာစွန့်ပစ်ခဲ့သော အဘွားအိုကို စက်တင်ဘာ ၁၀ ရက်တွင် ဒေသခံတစ်ဦးနှင့်လူမှုကူညီရေးအသင်းတို့က သွားရောက်ကယ်ဆယ်ပြီး ဆေးရုံသို့ တင်ပို့ပြီးနောက် အခြားမြေးဖြစ်သူထံ ပြန်လည်အပ်နှံခဲ့ကြောင်း ကယ်ဆယ်ခဲ့သူတစ်ဦးက ပြောသည်။
စွန့်ပစ်ခံရသော အဘွားအိုမှာ အသက် ၈၄ နှစ်အရွယ် ဒေါ်နာထောဖြစ်ပြီး နားမကြားသလို လမ်းလည်းမလျှောက်နိုင်ကြောင်း ကယ်ဆယ်မည့်သူများရောက်ရှိချိန်တွင် ခြေထောက်များနာနေကာ အစာရေစာပြတ်လပ်၍ အားအင်ချိနဲ့နေကြောင်း သိရသည်။

အဘွားအိုကို မိုင်းပေါက်ဘက်မှ ဒုတိယအိမ်ထောင်နှင့် ရရှိသော သားနှင့်မြေးနှစ်ယောက်က ခြေထောက်များကို ရိုက်နှက်ကာ နားကော်ရွာအကျော် တောထဲသို့ လာရောက်စွန့်ပစ်သွားသည်မှာ နှစ်လခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
ထို့အတွက် စွန့်ပစ်ခံအဘွားအိုကို နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းမှ သွားရောက်ခေါ်ဆောင်ပြီး ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသပေးခဲ့ကြောင်း သိရသည်။
အဘွားအိုတွင် နှလုံးရောဂါခံစားနေရပြီး မျက်နှာနှင့် ခြေထောက်များယောင်နေကာ လက်နှင့် ခန္ဓာကိုယ်တွင်လည်း ညိုမဲဒဏ်ရာများရှိကြောင်း ကူညီကယ်ဆယ်ခဲ့သူ တစ်ဦးကပြောသည်။

“အဘွားကို စွန့်ပစ်တာက ဒုတိယအိမ်ထောင်က သားနဲ့ မြေးကပါ။ ပထမအိမ်ထောင်သားသမီးနဲ့ဒုတိယအိမ်ထောင်သားသမီးတွေက မတည့်ကြဘူး။ အဘွားကိုလည်းဒုတိယအိမ်ထောင်နဲ့မြေးကမူးယစ်ဆေးသုံးပြီး နှိပ်စက်တယ်။ ရန်ရှာတယ် “ဟု အဘွားအိုကို ကယ်ဆယ်ခဲ့သူတစ်ဦးက ပြောသည်။
အဘွားအိုက ဒုတိယအိမ်ထောင်မှ သားနှင့်မခွဲနိုင်ဟုဆိုကာ လွန်ခဲ့သော လေးလကျော်က သွားရောက်နေထိုင်ခဲ့ရာမှ ယခုကဲ့သို့ စွန့်ပစ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဘွား၏ ပထမအိမ်ထောင်မှ မြေးဖြစ်သူက အဘွားကို ယနေ့ စက်တင်ဘာလ ၁၁ ရက်တွင် လာရောက်ခေါ်ဆောင်ခဲ့သဖြင့် ကူညီကယ်ဆယ်ခဲ့သူများက အဘွားအိုအတွက် အများပြည်သူ လှူဒါန်းခဲ့သော ထောက်ပံ့ငွေများနှင့်တကွ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။
