MT News
၁၂. ၉. ၂၀၂၅
လာမည့်ရွေးကောက်ပွဲသည် ပြည်သူအများ၏ တည်ငြိမ်အေးချမ်းလုံခြုံသောဘဝကို ဖန်တီးနိုင်ရန် အရေးပါသည်ဟု နားလည်ခံယူထားသဖြင့် ရွေးကောက်ပွဲကို အပြည့်အဝထောက်ခံပြီး အားလုံးပါဝင်သော ရွေးကောက်ပွဲဖြစ်စေရန် ကူညီသွားမည်ဟု BGF (နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)) က ထုတ်ပြန်ထားအပြီး တစ်ပတ်ကျော်အကြာတွင် ကရင်ပြည်နယ်ရှိ အခြားလက်နက်ကိုင်အဖွဲ့ဖြစ်သော DKBA ကလည်း ရွေးကောက်ပွဲကို ဝန်းရံကူညီပေးမည်ဟု အတိအလင်းကြေညာလိုက်သည်။
စက်တင်ဘာ ၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် BGF ၏ ကြေညာချက်တွင် “၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်မည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် နိုင်ငံ၏ အနာဂတ်အတွက် ဒီမိုကရေစီစနစ်သို့ ဦးတည်ကာ ပြည်သူအများ၏ တည်ငြိမ်အေးချမ်းလုံခြုံသောဘဝကို ဖန်တီးနိုင်ရန် အရေးပါသည်ဟု နားလည်ခံယူထားပါသည်။နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) အနေဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအပေါ် ခွဲခြားမှုမရှိဘဲ တရားမျှတစွာ ကူညီလျက် မဲဆန္ဒရှင်များ၏ မဲပေးပိုင်ခွင့်အပေါ် အန္တရာယ် မရှိစေရန် အထူးအလေးထားကူညီဆောင်ရွက်သွားပါမည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) အနေဖြင့် အပြည့်အဝထောက်ခံပြီး ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲများကို တည်ငြိမ်လုံခြုံ တရားမျှတစွာ ကျင်းပနိုင်ရန်နှင့် အားလုံးပါဝင်သော ရွေးကောက်ပွဲဖြစ်စေရန် ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။” ဟု ဖော်ပြခဲ့သည်။
ထို့အတူ DKBA (ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်) ၏ စက်တင်ဘာ ၁၁ ရက်ကြေညာချက်တွင်လည်း “လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပျက်နေသည့် ပဋိပက္ခများအား စစ်ရေးနည်းဖြင့် အဖြေရှာခြင်းထက် တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းဖြင့်သာ အဖြေမှန်ကို ရှာဖွေနိုင်မည်ဟု ယုံကြည်ပါသည်။ သို့ဖြစ်ပါ၍ လက်ရှိ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် မှ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲသည် နိုင်ငံတော်၏ အနာဂတ်ကိုရှေးရှုပြီး ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူ့ကိုယ်စားလှယ်ရွေးချယ်ခြင်းဖြစ်ပါသဖြင့် ပြည်သူများအား အတတ်နိုင်ဆုံး ဝန်းရံပံ့ပိုး ကူညီသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်။” ဟု အတိအလင်း ကြေညာခဲ့သည်။
