၁၂.၁၁.၂၀၂၅.
Translated by Htwe Ko Tun
မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီတီးတွင် ဓာတ်ငွေ့သယ်ဆောင်သော ထရပ်ကားတစ်စီး စက်တင်ဘာလ ၁၀ ရက်က တိမ်းမှောက်၍ ပေါက်ကွဲ မီးလောင်မှု ဖြစ်ခဲ့ရာတွင် စက်တင်ဘာလ ၁၁ ရက်၌ အနည်းဆုံး သေဆုံးသူရှစ်ဦးနှင့် ဒဏ်ရာရသူ ၉၄ ဦးအထိ မြင့်တက်လာခဲ့ကြောင်း မြို့တော်တာဝန်ရှိသူများက ပြောခဲ့ကြသည်။

မက္ကစီကိုစီတီးမြို့အတွင်း လာကွန်ကော်ဒီယာ တံတားအနီးတွင် တိမ်းမှောက်ပေါက်ကွဲခဲ့သော အဆိုပါ ထရပ်ကားက ဓာတ်ငွေ့လီတာ ၄၉,၅၀၀ ကို သယ်ဆောင်လာခြင်းဖြစ်သည်။

ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော မီးက အနီးရှိ ကားနှစ်ဒါဇင်ခန့်ကိုပါ ကူးစက်လောင်ကျွမ်းကာ လမ်းအတွင်း အသက်ရှင်ကျန်ရစ်သူများမှာလည်း မယုံနိုင်လောက်အောင် အဝတ်အစားများစုတ်ပြတ်ကာ ကျန်ခဲ့သည့် ထိတ်လန့်စက်ဆုပ်ဖွယ်မြင်ကွင်းကို တွေ့ကြရသည်။ မီးလောင်ဒဏ်ရာရသေဆုံးသူ အများစုမှာ ဘတ်စ်ကားစီးသွားလာနေသော ခရီးသည်များနှင့် ကိုယ်ပိုင်ကားများ စီးနင်းလာသူများ ဈေးသည်များနှင့် ဖြန့်ချိရေးယာဉ်မောင်းသူများပါ ပါဝင်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအနက် အနည်းဆုံး ၆၇ ဦးမှာ ဆေးရုံတွင် ကုသခံနေရဆဲဖြစ်ပြီး ၂၂ ဦးမှာ ဒဏ်ရာပြင်းထန်ကာ ခြောက်ဦးမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်းလည်း သိရသည်။ ဒဏ်ရာရသူများအနက် ၃၉ ဦးမှာ အခြေအနေတည်ငြိမ်လာကြပြီဖြစ်သော်လည်း ချူချာမှုများရှိနေသေးကြောင်း၊ ၁၉ ဦးမှာ ဆေးရုံမှ ဆင်းသွားကြပြီဖြစ်ကြောင်း မြို့တော်ဝန် ကလာရာ ဘရူဂါဒါက ပြောခဲ့သည်။

အချို့တာဝန်ရှိသူများက ထရပ်ကားကို အရှိန်ဖြင့်မောင်းနှင်လာမှုကြောင့် တိမ်းမှောက် ပေါက်ကွဲရခြင်း ဟုဆိုကြသော်လည်း အကြောင်းရင်းအတိအကျကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။
Ref- BNO News
