သက်တန့်
၉. ၉. ၂၀၂၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့လယ်ခေါင်ရှိ ရွှေဆန်းလီရွှေဆိုင်တွင် ယမန်နေ့က နေ့ခင်းကြောင်တောင်အချိန် ဓားပြတိုက်ခံရပြီး ရွှေထည်နှင့်လက်ဝတ်ရတနာများ လုယက်ခံလိုက်ရကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ စက်တင်ဘာ ၈ ရက် မွန်းလွဲ ၃ နာရီခန့်အချိန်က မြစ်ကြီးနားမြို့လယ်၊ ဘုရားတိုက်တန်း၊ အောင်နန်းရပ်ကွက်၊ ရွှေဆန်းလီရွှေဆိုင်သို့ ဆိုင်ကာ်ဦးထုပ်ဆောင်းထားသော အမျိုးသား ၃ ဦးက ပစ္စတိုသေနတ်များ ကိုင်ဆောင်ပြီး ဝင်ရောက် ဓားပြတိုက်ကာ ကောင်တာအတွင်းမှ ရွှေထည်များစွာ လုယက်သွားကြသည်ကို တွေ့ရသည်။
ဓားပြများက သေနတ်ဖြင့်ချိန်ကာ အချိန်တိုအတွင်း လက်ဝတ်ရတနာနှင့်ရွှေထည်များစွာ လုယက်ကာ ထွက်ခွာသွားကြောင်း၊ ဓားပြများကို ဖမ်းမိခြင်းမရှိကြောင်း၊ ထိုသို့ ရွှေထည်များ ဓားပြတိုက်ခံရသော်လည်း ပါဆုံးပစ္စည်း အနည်းငယ်သာဖြစ်သောကြောင့် အဆိုပါရွှေဆိုင်ကို ယနေ့ ဆက်လက်ဖွင့်လှစ်ထားကြောင်း သိရသည်။
“မနေ့ကဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်လေးအတွက် လိုင်းပေါ်ကနေကော ဖုန်းဆက်ပြီးကော စိတ်ပူပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်…။ ဆိုင်က ကလေးတွေလည်း ဘာမှမဖြစ်သွားပါဘူးရှင့်….။
အားလုံးအဆင်ပြေပါတယ်နော်….။အရောင်းအဝယ်ကိုလည်း ပုံမှန်အတိုင်းပြုလုပ်ပေးသွားမှာမို့ ဆိုင်လည်းပုံမှန်အတိုင်းဖွင့်လှစ်ထားပါတယ်ရှင့်…”ဟု ရွှေဆန်းလီရွှေဆိုင်က ယနေ့ ကြေညာထားသည်။
အဆိုပါဖြစ်စဥ်အပေါ် တာ၀န်ရှိသူများက တရားခံများ ဖော်ထုတ်နိုင်ရန် စိစစ်နေပြီး ပါဆုံးပစ္စည်းအရေအတွက်နှင့် တန်ဖိုးကို စစ်ဆေးနေကြောင်း သိရသည်။
