၉.၉.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ အရင်က ကျခံခဲ့ရတဲ့ ပြစ်ဒဏ်တစ်စိတ်တစ်ပိုင်းကို ဥပဒေနဲ့မညီ ဆေးရုံမှာတက်ပြီး ကျခံခဲ့တဲ့အတွက် သူ့အနေနဲ့ ပြစ်ဒဏ်ကို ထောင်ထဲမှာ ကျခံဖို့ လိုမယ်လို့ ထိုင်းနိုင်ငံ ထိပ်တန်းတရားရုံးက စက်တင်ဘာလ ၉ ရက်မှာ ဆုံးဖြတ်ကာ သက်ဆင်ကို ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့တာကြောင့် ထိုင်းနိုင်ငံရဲ့ ဩဇာအာဏာကြီးမားလှတဲ့ သက်ဆင် နိုင်ငံရေး မင်းဆက်ကို နောက်တစ်ကြိမ်ထိုးနှက်ချက်တစ်ရပ် ဖြစ်ခဲ့ရပါတယ်။
သက်ဆင် က ၂၀၂၃ ခုနှစ်က ပြည်ပမှပြန်လည်ရောက်ရှိလာခဲ့ပြီးတဲ့နောက် သူ့အပေါ် ချမှတ်ထားတဲ့ပြစ်ဒဏ် ကာလတစ်စိတ်တစ်ပိုင်းကို ကျန်းမာရေးအကြောင်းပြပြီး ဆေးရုံပေါ်မှာပဲ ကုန်လွန်စေခဲ့တာပါ။
အဆိုပါ အမှုက အရင် အဂတိလိုက်စားမှု စွဲချက်နဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။
သက်ဆင်နဲ့ သူ့ရဲ့မိသားစုဟာ ၂၀၀၁ ခုနှစ်မှာ သက်ဆင်၀န်ကြီးချုပ်အဖြစ် ပထမဆုံး ရွေးချယ်ခံရပြီးထဲက ထိုင်းနိုင်ငံရေးကို လွှမ်းမိုးထားခဲ့တာပါ။ သူ့ရဲ့သမီးဖြစ်တဲ့ ပေတုံတန်ဟာ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေတုံးမှာပဲ ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းပြောကြားမှု ပေါက်ကြားလာရာမှာ ကျင့်ဝတ်စံနှုန်းများကို ချိုးဖောက်မှုတွေရှိတယ်လို့ ဆိုကာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဩဂုတ်လမှာပဲ ရာထူးမှ ဖယ်ရှားခံခဲ့ရပါတယ်။
ပေတုံတန်ဟာ စက်တင်ဘာလ ၉ ရက် နံနက်မှာတော့ ဖခင်ဖြစ်သူ အသက် ၇၆ နှစ်အရွယ်ရှိ သက်ဆင်နဲ့အတူ တရားရုံးကို လိုက်ပါလာတာပါ။ ပေတုံတန်က စီရင်ချက်ချပြီးနောက် သူမဟာ ဖခင်အတွက် စိုးရိမ်မိသော်လည်း သူနဲ့ သူတို့မိသားစုမှာ ကောင်းမွန်တဲ့စိတ်ဓာတ်ရှိနေတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒါ့ပြင် သက်ဆင်မိသားစုရဲ့ ဖျူထိုင်းပါတီကိုလည်း အတိုက်အခံပါတီတစ်ခုအနေနဲ့ ရှေ့ဆက်သွားဖို့ သန္နိဌာန် ချထားတယ်လို့ ပေတုံတန်က ပြောခဲ့ပါသေးတယ်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ၂၀၀၆ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုမှာ ဖြုတ်ချခံခဲ့ရပြီး အများအားဖြင့် ဒူဘိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ချမှတ်တဲ့ ပြည်နှင်ဒဏ်နဲ့ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတာပါ။
၂၀၂၃ ခုနှစ်မှာ ထိုင်းနိုင်ငံကို ပြန်လာတဲ့အခါ သူ့ရဲ့ ဝန်ကြီးချုပ်ဘဝတုန်းက အဂတိလိုက်စားမှုနဲ့ အာဏာအလွဲ သုံးစားမှုတို့နဲ့ အပြစ်ရှိတယ်ဆိုပြီး ချက်ခြင်းတရားစွဲဆိုခံခဲ့ရကာ ထောင်ဒဏ် ရှစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။
ဒါပေမယ့် ထိုင်းဘုရင်ထံ သက်ဆင်က တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အသနားခံရာမှာ ထောင်ဒဏ် တစ်နှစ်အထိ လျှော့ပေါ့ပေးခဲ့ပါတယ်။ ဒီမှာသက်ဆင်က အကျဉ်းခန်းထဲမှာ တစ်ရက်တောင်မကြာခဲ့ဘဲ နှလုံးရောဂါ ဝေဒနာတွေကို အကြောင်းပြုပြီး ရဲတပ်ဖွဲ့ဆေးရုံရဲ့ အထူးအဆောင်မှာပဲပြောင်းရွှေ့နေထိုင်ခဲ့တာပါ။
သူက ဆေးရုံပေါ်မှာ ခြောက်လကြာနေခဲ့ပြီးမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဘန်ကောက်မြို့ရှိ သူ့ရဲ့အိမ်ကိုပြောင်းရွှေ့ခဲ့တာပါ။
သက်ဆင်ကို စွဲဆိုခဲ့တဲ့ နောက်ဆုံးအမှုကလည်း အခုလို သူ့ကို အကျဉ်းထောင်မှ ဆေးရုံသို့ လွှဲပြောင်းပေးခြင်းဟာ ဥပဒေနဲ့ ညီ မညီနဲ့ သက်ဆင်ဟာရော ထိုအချိန်က အမှန်တကယ် ကျန်းမာရေးမကောင်းဘဲ ဖြစ်နေသလားဆိုတဲ့ အချက်တွေအပေါ် ဦးတည်တာပါပဲ။
ဘန်ကောက်မြို့ရဲ့ ရဲတပ်ဖွဲ့ဆေးရုံ ၁၄ လွှာမှာ သူနေထိုင်ခဲ့တာကြောင့် ထိုင်းနိုင်ငံမှာတော့ “၁၄ လွှာ အမှုတွဲ” လို့ လူသိများတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တရားစွဲထားမှုမှာ သူ့အနေနဲ့ ဘယ်လိုစီရင်ချက်ချမှတ်ခံရမလဲ ဆိုတာကို ထိုင်းပြည်သူအများအပြားက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြတာပါ။
Ref-BBC
