၉. ၉. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ရှိ ဈေးဝယ်စင်တာတစ်ခုအနီး၊ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား (၁) နှင့် မီတာ ၅၀၀ ခန့်အကွာတွင် သတ္တုတူးဖောက်ရာတွင် အသုံးပြုသည့် ပြင်းအားမြင့်ဖောက်ခွဲရေး ယမ်းချောင်း(ယမ်းဘီလူးတောင်) ၁၁၉ ချောင်းပါဝင်သော ဗင်ကားတစ်စီး ကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၇ ရက်တွင် တွေ့ရှိခဲ့သည်။

ဖြစ်စဉ်တွင် တနင်္ဂနွေနေ့ ညနေ ၆ နာရီခန့်အချိန်က မယ်ဆိုင်ရဲစခန်းမှ ရဲအရာရှိများ၊ အုပ်ချုပ်ရေးအရာရှိများနှင့် ဖားမောင်စစ်ဆင်ရေးတပ်ဖွဲ့မှ စစ်သားများသည် ချင်းရိုင်လိုင်စင်နံပါတ် ပါရှိသော သံသယဖြစ်ဖွယ် အဖြူရောင် တိုယိုတာဗင်ကားတစ်စီးအကြောင်း သတင်းရရှိခဲ့သည်။
အဆိုပါဗင်ကားကို မယ်ဆိုင်မြို့နယ်၊ သီဆာဘန် ၃ လမ်းရှိ ဈေးဝယ်စင်တာနှင့် ဈေးတစ်ခုကြားရှိ လမ်းသွယ်တစ်ခုတွင် တွေ့ရှိရခြင်းဖြစ်ကာ ၎င်းနေရာသည် စိုင်မြစ်ကူး အမှတ် (၁) ထိုင်း-မြန်မာချစ်ကြည်ရေးတံတားနှင့် မီတာ ၅၀၀ ခန့်သာ ကွာဝေးသည်။
အဆိုပါကားကို စစ်ဆေးကြည့်ရာတွင် ထိုင်းအရာရှိများက ဗင်ကား၏နောက်ဘက်ခန်းအတွင်း အိတ်များစွာကို တွေ့ရှိခဲ့သည်။ အိတ်များအတွင်း၌ မြေပေါ်နှင့် ဥမင်လိုဏ်ခေါင်းများတွင်ပါ ပေါက်ကွဲစေနိုင်သည့် Superpower 90 အမျိုးအစား ပေါက်ကွဲစေတတ်သော ပြင်းအားမြင့်ယမ်း ချောင်းများ နှင့် အနီနှင့်အဖြူရောင် လျှပ်စစ်ဝါယာကြိုးများကိုလည်း တွေ့ရှိရသည်။

လုံခြုံရေးအရ အရာရှိများသည် ကားပတ်လည် မီတာ ၁၀၀ အကွာအဝေးကို ကာရံထားပြီး လူအများကို ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။
ထို့နောက် ပေါက်ကွဲစေတတ်သည့် လက်နက်ပစ္စည်းများ ဖျက်သိမ်းရေး (EOD) အဖွဲ့ကို ထပ်မံစစ်ဆေးရန် ခေါ်ယူခဲ့ရာ ၎င်းတို့၏ စစ်ဆေးမှုအရ ပေါက်ကွဲစေတတ်သောယမ်းချောင်းစုစုပေါင်း ၁၁၉ ချောင်းနှင့် ဒီတိုနေတာ ၂၂၆ ခုကိုပါ တွေ့ရှိခဲ့သည်။
အဆိုပါပစ္စည်းများကို သက်သေအဖြစ် သိမ်းဆည်းခဲ့ပြီး ၎င်းတို့၏ပိုင်ရှင်ကို ဖော်ထုတ်ရန်နှင့် လူဦးရေထူထပ်သောနေရာတွင် အဘယ်ကြောင့် သိုလှောင်ထားသည်ကို ဆုံးဖြတ်နိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

အစပိုင်းတွင် အဆိုပါပေါက်ကွဲပစ္စည်းများကို မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ မန်းဂနိစ်၊ ရွှေ၊ မြေရှားသတ္တုနှင့် အခြားသတ္တုများ ထုတ်ယူသည့် မိုင်းလုပ်ငန်းများတွင် အသုံးပြုရန် ရည်ရွယ်ထားသည်ဟု သံသယဖြစ်ဖွယ် ဖော်ပြခဲ့သည်။ သို့သော်လည်း တာဝန်ရှိသူများက အသေးစိတ် ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
ThaiRath သတင်းအရ အဆိုပါဗင်ကားသည် ထိုနေရာတွင် ၆ လကျော်ကြာ ရပ်ထားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပေါက်ကွဲပစ္စည်းများသည် တိုက်ရိုက်နေရောင်ခြည်နှင့် ဝေးကွာပြီး လေဝင်လေထွက် ကောင်းသော နေရာများတွင် သက်ဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ဂရုတစိုက် ကိုင်တွယ်သိုလှောင်ရန် လိုအပ်သည့် ပြင်းအားမြင့်ထိခိုက်လွယ် ဖောက်ခွဲပစ္စည်းများဖြစ်သည်။ သိုလှောင်မှု မလုံခြုံသော်လည်း ကံကောင်းစွာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် မည်သည့် ထိခိုက်မှုမှ မရှိခဲ့ပေ။
Ref ., Thaiger
