၉.၉.၂၀၂၅
Written by Hey Mar
လမ်းဘေးက ဗန်ဒါ(ဗာဒံ)ပင် ထိပ်ဖျားတက်ပြီး ကြိုးဆွဲချသေဆုံးနေတဲ့လူငယ်ကို ကားနဲ့ ဖြတ်သန်းသွားရင်းတွေ့ရှိကာ လူမှုကူညီရေးအသင်းထံ အကြောင်းကြားလာတဲ့ဖြစ်စဉ် ဒီနေ့ စက်တင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ဝန်းရံမှူး လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က မြောက်ဒဂုံမြို့နယ်၊ (၃၇)ရပ်ကွက်အတွင်းလမ်းမှာ ဖြစ်ပွားခဲ့ပြီး ဆိတ်ငြိမ်ရပ်ကွက်မို့ ဖြတ်သန်းသွားလာသူနည်းတဲ့ အနေအထားလို့လည်း သိရပါတယ်။ သက်ဆိုင်ရာနဲ့လူမှုကူညီရေးအသင်းသားတွေ ရုပ်အလောင်းတက်ရောက်ဖြုတ်ယူစဉ်မှာ တောင့်တင်းနေပြီဖြစ်တဲ့အတွက် သေဆုံးနေတာ နာရီအတော်ကြာပြီ ခန့်မှန်းပေမယ့် ဒီနေ့မနက်ပိုင်းကတည်းကလည်း မိုးကလည်း အဆက်မပြတ်ရွာသွန်းနေလို့ ရာသီဥတုကြောင့် လျင်လျင်မြန်မြန် တောင့်တင်းနေတာလည်း ဖြစ်နိုင်ကြောင်း၊ အသေးစိတ် တတ်ကျွမ်းနားလည်သူသာ သေဆုံးချိန်ကို အနီးစပ်ဆုံးခန့်မှန်းနိုင်မှာ ဖြစ်ကြောင်းလည်း ရှင်းပြပါတယ်။
“အသက်က လူငယ်ပိုင်းပဲ။ သုံးဆယ် ပတ်ချာလည်လို့ ခန့်မှန်းရတယ်။ သူသေဆုံးနေတဲ့ အပင်အမြင့်က နှစ်ထပ်အိမ်တစ်လုံးထပ်ကျော်တယ်။ မြေပြင်ကနေ အမြင့်ပေ နှစ်ဆယ်ကျော် လောက်ရှိမယ်။ ပထမဆုံး သူ့အလောင်းတွေ့တဲ့သူကတော့ အတော်ထိတ်လန့်သွားတာပေါ့။ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးပြီးလို့ ကျွန်တော်တို့ မြောက်ဥက္ကလာဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပါတယ်” လို့ MT News ကို ပြောပါတယ်။
အဆိုပါလူငယ်ရဲ့ ရုပ်အလောင်းလို့ မြောက်ဥက္ကလာဆေးရုံကြီးက PR -68 နဲ့ လက်ခံထားရှိပြီး မိသားစုကိုတော့ စုံစမ်းရှာဖွေနေဆဲလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း မြောက်ဒဂုံမြို့နယ်မှာ ကျောက်ကပ်ဝေဒနာ ခံစားနေရတဲ့ လူငယ်တစ်ဦး ငှားရမ်းနေထိုင်တဲ့ အဆောင်အိမ်ခန်း ရေချိုးအတွင်း သွေးကြောတွေကို ဓါးနဲ့ဖြတ်တောက်ကာသေကြောင်းကြံစည်မှုဖြစ်ပွားခဲ့ပြီး လူမှုကူညီရေးအသင်းသားတွေက အချိန်မီကယ်တင်ပေးနိုင်ခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။
