၉.၉.၂၀၂၅
Translated by Htwe Ko Tun
နီပေါနိုင်ငံမှာ လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ်တိုက်ခိုက်မှုတွေ စက်တင်ဘာလ ၈ ရက်က ဖြစ်ခဲ့ပြီးနောက်မှာ နီပေါအစိုးရက လူမှုကွန်ရက် ပိတ်ပင်ထားမှုတွေကို ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
လူငယ်ထောင်ပေါင်းများစွာက Facebook နဲ့ YouTube အပါအဝင် လူမှုကွန်ရက်ပလက်ဖောင်း ၂၆ ခုကို ပိတ်ပင်ထားတာ ရုပ်သိမ်းပေးဖို့နဲ့ အဂတိလိုက်စားမှုတွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုကြရင်း စက်တင်ဘာလ ၈ ရက်မှာ မြို့တော် ခတ္တမန္ဒူရှိ ပါလီမန်အဆောက်အအုံထဲသို့ အတင်းအဓမ္မ ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတာပါ။
လူငယ်တွေရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းဖို့အတွက် စက်တင်ဘာလ ၈ ရက်ညပိုင်းမှာ အရေးပေါ် အစိုးရအဖွဲ့ အစည်းအဝေးခေါ်ယူပြီး လူမှုကွန်ရက်ပလက်ဖောင်း တားမြစ်ချက်ကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆက်သွယ်ရေးနဲ့ ပြန်ကြားရေးဝန်ကြီး ပရစ်ဗီဆပ်ဘာဂူရန်က ပြောကြားခဲ့တာပါ။
မြို့တော်အပြင်ဘက်ရှိ မြို့တွေမှာလည်း ဆန္ဒပြမှုတွေကြောင့် လူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
နီပေါနိုင်ငံမှာ ဩဂုတ်လ ၂၅ ရက်က ပိတ်ပင်တယ်လို့ ကြေညာခဲ့တဲ့ လူမှုကွန်ရက်တွေထဲက Instagram လို ဖျော်ဖြေရေး၊ စီးပွားရေးနဲ့ သတင်းဝန်ဆောင်မှုတွေပေးတဲ့ ပလက်ဖောင်းတွေဆို ကြည့်ရှုသူသန်းနဲ့ချီတာပါ။ ဒါပေမယ့် အစိုးရကတော့ သတင်းအတုတွေ၊ အမုန်းစကားတွေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ဆောင်ခဲ့တဲ့ ပိတ်ပင်ချက်က တရားမျှတတယ်လို့ ယူဆခဲ့တာပါ။
စက်တင်ဘာလ ၈ ရက်က လမ်းပေါ်ထွက်ခဲ့ကြတဲ့ လူငယ်တွေကလည်း အစိုးရရဲ့ အာဏာရှင်ဆန်တဲ့ သဘောထားကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာဖြစ်တယ်လို့ ပြောပါတယ်။ သူတို့က “လုံလောက်ပါပြီ” နဲ့“အဂတိလိုက်စားမှုအဆုံးသတ်” စတဲ့ ကြွေးကြော်သံတွေပါတဲ့ စာတန်းတွေကို ကိုင်ဆောင်ထားကြပါတယ်။
တချို့ ဆန္ဒပြသမားတွေကတော့ ၀န်ကြီးချုပ် ကေပီရှာမာအိုခီရဲ့ မွေးရပ်မြို့ ဖြစ်တဲ့ ဒါမက်မြို့က ၀န်ကြီးချုပ်ရဲ့နေအိမ်ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ဆာဘာနာ ဘူဒါတိုကီကတော့ သူတို့ရဲ့ အခုဆန္ဒပြမှုက လူမှုကွန်ရက်ပိတ်ပင်မှုကိုရုပ်သိမ်းဖို့ထက် အဂတိလိုက်စားမှုကို ဆန့်ကျင်တာက အဓိကအကြောင်းအရင်းဖြစ်တယ်လို့ BBC ကို ပြောခဲ့ပါတယ်။
နိုင်ငံရေးသမားတွေရဲ့ သားသမီးတွေရဲ့ ခမ်းနားလှတဲ့လူနေမှုပုံစံကို မီးမောင်းထိုးပြပြီး သူတို့ကို အကျင့်ပျက်ခြစားမှုနဲ့ ငွေကြေးထောက်ပံ့နေတယ်လို့ စွပ်စွဲထားတဲ့ “Nepo Kid” အမည်ရှိတဲ့လှုပ်ရှားမှုက မကြာသေးမီရက်သတ္တပတ်တွေမှာပဲ နီပေါလူမှုကွန်ရက်ပလက်ဖောင်းတွေမှာ ပျံ့နှံ့လာခဲ့တာပါ။
စက်တင်ဘာလ ၈ ရက်က ခတ္တမန္ဒူမှာ ဆန္ဒပြသမားတွေကို ရဲတပ်ဖွဲ့က မီးသတ်ပိုက်တွေ၊ နံပါတ်တုတ်တွေနဲ့ ရော်ဘာကျည်ဆန်တွေနဲ့ ပစ်ခတ် လူစုခွဲခဲ့ပါတယ်။ ဆန္ဒပြပွဲတွေအတွင်း အစိုးရအဖွဲ့ရဲ့ ဆန္ဒပြသမားတွေကို အင်အားအသုံးပြုနှိမ်နင်းမှုနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာ ပြည်ထဲရေးဝန်ကြီး ရာမက်ရှ် လီခတ်က ညနေပိုင်းမှာပဲ ရာထူးမှ နုတ်ထွက်စာတင်သွင်းခဲ့ပါတယ်။
Ref- BBC




