ပုံစာ။ ဒေါက်တာတင်မောင်ထွန်းတို့ဇနီးမောင်နှံပုံရိပ်နှင့် အခင်းဖြစ်စဥ် မြင်ကွင်း။
၉.၉.၂၀၂၅
Wtitten By Zun
ဆေးကုခမပေး၍ တောင်းခံရာမှ KPay ဖြင့်လွှဲမည်ဟု ဆိုသူက ဓားဖြင့်ထိုး၍ ဆရာဝန်ဇနီးမောင်နှံသေဆုံးမှု ဟင်္သာတမြို့တွင် ယမန်နေ့ သြဂုတ်လ ၈ ရက် ညနေ ၅ နာရီခန့် အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းရှိ ဒေါက်တာတင်မောင်ထွန်း သွားဆေးခန်းသို့ လာရောက်ဆေးကုသသူ (အမည်မသိ)အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားခဲ့သောကြောင့် အသက် ၇၁ နှစ်အရွယ် ဒေါက်တာ တင်မောင်ထွန်း ဆရာဝန်(အငြိမ်းစား) တွင် လည်ပင်း၊ လက် ဝဲဘက်ခြမ်း ထိုးသွင်းဒဏ်ရာ (၂) ချက်၊ လက်ဝဲဘက်ပါးပြတ်ရှဒဏ်ရာ(၁)ချက်၊ လက်ဝဲဘက်လက်မောင်း ပြတ်ရှဒဏ်ရာ (၁) ချက် (ပြင်းထန်) ရရှိခဲ့ကာ ဒေါက်တာတင်မောင်ထွန်း၏ဇနီး အသက်(၄၉)နှစ်အရွယ် ဒေါ်ဇင်မင်းမင်းသက်တွင် လက်ဝဲဘက်နံစောင်း ထိုးသွင်းဒဏ်ရာ(၁)ချက်၊ လက်ဝဲဘက်ပါးပြတ်ရှ ဒဏ်ရာ(၁) ချက်ရရှိကာ နေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
ယင်းအပြင် ဒေါ်ဇင်မင်းမင်းသက်၏ အဒေါ်ဖြစ်သူ အသက် ၇၂ နှစ်အရွယ် ဒေါ်တင်ရီ၏ လက်ဝဲဘက်ပုခုံး (၂) လက်မခန့် ပြတ်ရှဒဏ်ရာ (၁) ချက်၊ လက်ယာဘက်ဂျိုစောင်း ပြတ်ရှဒဏ်ရာ (၁)ချက်၊ ကျောကုန်းပြတ်ရှ ဒဏ်ရာ (၁) ချက် (ပြင်းထန်) နှင့် ဆေးခန်းအကူလုပ်သား အသက် ၄၃ နှစ်အရွယ် မဝင်းမာမြင့်၏ လက်ဝဲဘက်ပါး (၂) လက်မခန့် ပြတ်ရှဒဏ်ရာ (၁) ချက်၊ လည်ကုတ်ပြတ်ရှဒဏ်ရာ (၁) ချက်၊ လက်ဝဲပုခုံး ပြတ်ရှဒဏ်ရာ (၁) ချက်၊ လက်ဝဲဘက်လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ (၁) ချက် (ပြင်းထန်)တို့ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဒဏ်ရာရရှိသူများအား ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီးသို့ မှုခင်းဆေးစာဖြင့် ပို့ဆောင်ဆေးကုသမှုခံယူနေစဉ် ည ၆ နာရီ ၁၅ မိနစ်အချိန်တွင် ဒေါက်တာ တင်မောင်ထွန်းမှာ ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်တင်ရီအား မေးမြန်းစုံစမ်းရာ သွားဆေးခန်းသို့ လာရောက်ဆေးကုသမှုခံယူသူ အမည်မသိအမျိုးသားတစ်ဦးက ဆေးကုသခမပေးသဖြင့် ဒေါက်တာတင်မောင်ထွန်းက တောင်းခံရာ KPay ဖြင့် ငွေလွှဲပေးမည်ဟု ပြောဆိုကြောင်း၊ ထို့နောက် အချေအတင်စကားများခဲ့ပြီးနောက် အမည်မသိအမျိုးသားက သူ့တွင်အသင့်ပါလာသောဓားဖြင့်ထိုး၍ ထွက်ပြေးသွားကြောင်း သိရသည်။
ယင်းကြောင့် ဒေါက်တာတင်မောင်ထွန်းနှင့် ဇနီးဖြစ်သူ ဒေါ်ဇင်မင်းမင်းသက်တို့အား အသက်သေဆုံးအောင် ပြုလုပ်သည့်အပြင် ဒေါ်တင်ရီနှင့် ဒေါ်ဝင်းမာမြင့်တို့အား ပြင်းထန်နာကျင်ဒဏ်ရာများ ရရှိအောင် ပြုလုပ်သွားသူ (စုံစမ်းဆဲ)ကို ဥပဒေအရအရေးယူပေးရန် ဒေါ်ဇင်မင်းမင်းသက်၏ တူတော်စပ်သူ အသက် ၃၀ အရွယ် ကိုထူးပြည့်စုံက တရားလိုပြုလုပ်တိုင်တန်းထားကြောင်း သိရသည်။
ထို့ကြောင့် ဟင်္သာတမြို့မရဲစခန်းက (ပ)၂၃၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် ယမန်နေ့ စက်တင် ဘာလ ၈ ရက် ည ၇ နာရီခွဲအချိန်တွင် အမှုဖွင့်လှစ်၍ ဟင်္သာတမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်သိန်းက စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
“အမှုကို စိစစ်ပြီး အမြန်ဖမ်းနိုင်ဖို့ လုပ်နေတယ်။ ဒီအမှုက တခြားဘယ်လိုအကြောင်းတွေ ရှိနိုင်လဲဆိုတာကိုပါ စစ်ဆေးသွားမှာပါ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
သေဆုံး/ဒဏ်ရာရရှိသူများအား မှုခင်းဆေးစာဖြင့် ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ အလှည့်ကျဆရာဝန် ဒေါက်တာ မေသူသူခိုင်မှ ဒေါက်တာတင်မောင်ထွန်း၏ ရုပ်အလောင်းကို PR အမှတ်စဉ် (၂/၂၀၂၅) ဖြင့် လည်းကောင်း၊ ဒေါ်ဇင်မင်းမင်းသက်၏ ရုပ်အလောင်းကို PR အမှတ်စဉ် (၁/၂၀၂၅)ဖြင့် လည်းကောင်း လက်ခံထားရှိပြီး ဒဏ်ရာရရှိသူ (၂) ဦးအား ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။


