သက်တန့်
၉. ၉. ၂၀၂၅
လူကုန်ကူးခံရသည့် သားကောင်များ၏ နောက်ကွယ်မှနေ၍ ထူထောင်ထားသော ဒေါ်လာဘီလျံပေါင်းများစွာတန်သည့် ကမ္ဘာလုံးဆိုင်ရာလိမ်လည်မှု တရုတ်ကျားဖြန့်လုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းတွင် ပါဝင်ပတ်သက်မှုကြောင့် အမေရိကန်သည် မြန်မာနှင့် ကမ္ဘောဒီးယားရှိ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ် ၂၀ နီးပါးကို ပိတ်ဆို့အရေးယူလိုက်သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၏ နာမည်ဆိုးဖြင့်ကျော်ကြားသော ရွှေကုက္ကိုလ်မြို့သစ်တွင် လှုပ်ရှားနေသည့် ပစ်မှတ် ၉ ခုနှင့် ကမ္ဘောဒီးယားရှိ ပစ်မှတ် ၁၀ ခုတို့ကို ငွေကြေးနှင့် သံတမန်ရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း တနင်္လာနေ့တွင် ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။
”အရှေ့တောင်အာရှရဲ့ ဆိုင်ဘာလိမ်လည်မှုလုပ်ငန်းက အမေရိကန်နိုင်ငံသားတွေရဲ့ ဘဝလုံခြုံမှုနဲ့ ငွေကြေးလုံခြုံမှုကို ခြိမ်းခြောက်နေရုံသာမကဘဲ၊ လူပေါင်းထောင်ချီကို ခေတ်သစ်ကျွန်အဖြစ် ဖမ်းဆီးချုပ်နှောင်ထားပါတယ်” ဟု အကြမ်းဖက်မှုနှင့် ငွေကြေးဆိုင်ရာ ထောက်လှမ်းရေးဌာန၏ ဘဏ္ဍာရေးဆိုင်ရာ လက်ထောက်အတွင်းဝန် ဂျွန်ကေဟာလေက ကြေညာချက်တွင် ပြောကြားခဲ့သည်။
ထို့အပြင် ယမန်နှစ်က အရှေ့တောင်အာရှမှ တရုတ်ကျားဖြန့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကြောင့် အမေရိကန်နိုင်ငံသားများသည် ဒေါ်လာ ၁၀ ဘီလျံကျော် ဆုံးရှုံးခဲ့ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။
အမေရိကန်က ပိတ်ဆို့မှုချမှတ်ရာတွင် တရုတ်ကျားဖြန့် လိမ်လည်မှုလုပ်ငန်းကြီးကို ကာကွယ်ပေးသည့် ကရင်အမျိုးသားတပ်မတော် (KNA) ကိုယ်စားလှုပ်ရှားခဲ့သော တင်ဝင်း၊ စောမင်းမင်းဦးနှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့အပြင် ရွှေကုက္ကိုလ်မြို့၏ Yatai New City အဆောက်အအုံကို ဖန်တီးသူ ရှီကျီကျန်း (She Zhijiang) တို့ကိုလည်း ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့အတူ ၎င်းတို့နှင့်ဆက်စပ်နေသည့် ကုမ္ပဏီအများအပြားကိုလည်း Magnitsky Act အရ အမေရိကန်သို့ ဝင်ခွင့်နှင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို တားမြစ်ထားသည်။
ကမ္ဘောဒီးယားတွင်မူ ဟိုတယ်များ၊ ရုံးခန်းအဆောက်အအုံများနှင့် ကာစီနိုအများအပြားကို လိမ်လည်မှုလုပ်ငန်းများအဖြစ် ပြောင်းလဲခဲ့သည့်နေရာတွင် ပါဝင်ပတ်သက်ခဲ့သော Dong Lecheng, Xu Aimin, Chen Al Len နှင့် Su Liangsheng တို့အပြင် ၎င်းတို့နှင့် ဆက်စပ်နေသည့် ကုမ္ပဏီ ၆ ခုကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့အရေးယူခဲ့သည်။
မြန်မာနှင့် ကမ္ဘောဒီးယားတို့သည် မကြာသေးမီနှစ်များအတွင်း ဆိုင်ဘာလိမ်လည်မှုများ၏ ဗဟိုချက်ဖြစ်လာခဲ့သည်။ တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် ဆက်စပ်မှုရှိသော ရာဇဝတ်ကွန်ရက်များက လုပ်ကိုင်နေသည့် လိမ်လည်မှုလုပ်ငန်းများသည် ကမ္ဘာတစ်ဝန်းမှ သားကောင်များကို နှစ်စဉ် ဒေါ်လာဘီလျံပေါင်းများစွာ လိမ်လည်ရယူနေကြသည်။
ဝက်တစ်ကောင်ကို မွေးမြူကာ အစာဝအောင်ကျွေးပြီးမှ သတ်ဖြတ်ရောင်းစားသည့် လိမ်လည်မှုနှင့် အလားသဏ္ဍာန်တူ၍ တရုတ်ကျားဖြန့် အွန်လိုင်းလိမ်လည်မှုများကို “Pig-butchering” ဟုလည်း လူသိများသည့် ယင်းအစီအစဉ်များတွင် လိမ်လည်သူများသည် သားကောင်များနှင့် အွန်လိုင်းမှတစ်ဆင့် ဆက်ဆံရေးထူထောင်ပြီးနောက် အမှန်တကယ်မရှိသည့် ရင်းနှီးမြှုပ်နှံမှုများတွင် ငွေထည့်ရန် စည်းရုံးကြသည်။ လိမ်လည်မှုလုပ်ငန်းများကို လုပ်ကိုင်နေသူအများစုသည်လည်း လူကုန်ကူးခံရကာ အဓမ္မခိုင်းစေခံနေရသူသားကောင်များပင်ဖြစ်ကြပြီး အလုပ်အတုများ၏ ကတိများဖြင့် ပြည်ပမှ ဆွဲဆောင်ခေါ်ယူခံရကာ အများအားဖြင့် ပြင်းထန်သော အကြမ်းဖက်မှုများဖြင့် ၎င်းတို့၏ဆန္ဒမပါဘဲ ဖမ်းဆီးချုပ်နှောင်ထားခံရသူများဖြစ်သည်။
တိကျသော ကိန်းဂဏန်းများရရှိရန် ခက်ခဲသော်လည်း အမေရိကန်၏ ယခင်အကူအညီပေးရေးအေဂျင်စီတစ်ခုက ကမ္ဘောဒီးယားရှိ လိမ်လည်မှုလုပ်ငန်းများတွင် လူကုန်ကူး ကျွန်ပြုခိုင်းစေခံနေရသူ ၁၅၀,၀၀၀ ခန့် ပိတ်မိနေပြီး ထိုင်းအစိုးရကလည်း မြန်မာနိုင်ငံတွင် ၁၀၀,၀၀၀ ခန့် ကျွန်ပြုခံနေရကြောင်း ခန့်မှန်းထားသည်။
Ref. Al Jazeera
