၈.၉.၂၀၂၅
Translated by Htwe Ko Tun
ပြင်သစ်နိုင်ငံ မြို့တော်ပါရီတွင် ထောင်နှင့်ချီသော ဆန္ဒပြသမားများက သမ္မတ အီမာနျူရယ်လ် မက်ခရွန် ရာထူးမှ နုတ်ထွက်ပေးရေးနှင့် ပြင်သစ်နိုင်ငံကိုလည်း ဥရောပသမဂ္ဂမှ နုတ်ထွက်ပေးရေးတို့အတွက် တောင်းဆိုမှုများပြုလုပ်ကာ စက်တင်ဘာလ ၆ ရက်က ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ပြင်သစ်နိုင်ငံတွင် ဘတ်ဂျက်လိုငွေပြမှုနှင့် အစိုးရ၏ဘဏ္ဍာရေးမူဝါဒများအပေါ် မကျေနပ်မှုများ မြင့်တက်လာနေသည့်အပြင် သမ္မတ မက်ခရွန်အဖို့လည်း ၂၀၁၇ ခုနှစ်တွင် ၎င်းစတင်တာဝန်ယူချိန်မှစ၍ ၎င်းအပေါ် အသိအမှတ်ပြု ယုံကြည်မှုမှာ အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြခဲ့သည်။
ယခုအခါ ပြင်သစ်နိုင်ငံသား ၈၀ ရာခိုင်နှုန်းခန့်ကလည်း ၎င်းတို့အနေဖြင့် မက်ခရွန်အပေါ် ယုံကြည်မှုမရှိကြတော့ကြောင်း ဖော်ပြခဲ့ကြသည်ဟု Le Figaro နေ့စဉ်ထုတ်သတင်းစာက စက်တင်ဘာလ ၃ ရက်တွင် ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုအရလည်း သိရသည်။ ၀န်ကြီးချုပ် ဖရန်ကွိုက်စ် ဘေရိုအား ယုံကြည် ကိုးစားမှုမှာလည်း စံချိန်တင် ကျဆင်းသွားခဲ့သည်။
ဆန္ဒပြသူများသည်“မက်ခရွန်ကို ရပ်ကြစို့၊ စစ်ပွဲကို ရပ်ကြစို့” နှင့် ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂမှ နုတ်ထွက်မှု Brexit ကဲ့သို့ပင် ပြင်သစ်နိုင်ငံကိုလည်းနုတ်ထွက်ရန်အတွက် “Frexit” ဟူသော စာတန်းများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့သည်ကို တွေ့ကြရသည်။
ယူကရိန်းသို့ လက်နက်များ ပေးအပ်ခြင်းကို ဆန့်ကျင်ပြီး ရုရှားနှင့် နောက်ထပ်တင်းမာမှုများ တိုးမြင့်လာမှုအား သတိပေးခဲ့သည့် Euroskeptic ပါတီဖြစ်သည့် Patriots မှ နိုင်ငံရေးသမားဟောင်း ဖလော်ရီယန် ဖိလစ်ပေါ့က ဆန္ဒပြပွဲကို စီစဉ်ခဲ့ခြင်းဖြစ်သည်။
လက်ဝဲဝါဒီတက်ကြွလှုပ်ရှားသူများနှင့် အလုပ်သမားသမဂ္ဂများကလည်း ‘အရာရာကို ပိတ်ဆို့ကြပါစို့’ ဟူသော ဆောင်ပုဒ်ဖြင့် စက်တင်ဘာလ ၁၀ ရက်တွင် သီးခြားသပိတ်မှောက်မှုများနှင့် ဆန္ဒပြပွဲများကို ပြုလုပ်သွားရန်စီစဉ်လျက်ရှိသည်။
၀န်ကြီးချုပ် ဖရန်ကွိုက်စ် ဘေရိုမှာ ၎င်းအဆိုပြုထားသော ဘတ်ဂျက်အတွက် ထောက်ခံမှုရရှိရန် ကြိုးစားနေသော်လည်းပြင်သစ်နိုင်ငံသည် အမျိုးသားအသားတင်ထုတ်လုပ်မှုတန်ဖိုး၏ ၅ ဒသမ ၈ ရာခိုင်နှုန်းအထိ ဘဏ္ဍာရေးလိုငွေပြမှုအောက်တွင် ရုန်းကန်နေရသဖြင့် ဘေရိုမှာလည်း စက်တင်ဘာလ ၉ ရက်တွင် အယုံအကြည်မရှိမဲဖြင့် ရင်ဆိုင်ရဦးမည်ဟု သိရသည်။
၎င်း၏ဘတ်ဂျက်အသုံးစရိတ် အစီအစဉ်တွင် ပြည်သူ့ကဏ္ဍ အလုပ်အကိုင်များ၊ လူမှုဖူလုံရေး အစီအစဉ်များနှင့် အငြိမ်းစာလစာများကို ဖြတ်တောက်ထားပြီး လူမှုရေး ထောက်ပံ့မှုထက် စစ်အသုံးစရိတ်ကို ဦးစားပေးထားသည်ဟု အတိုက်အခံများက ရှုတ်ချထားသည်။
Ref-tasnimnews.com
