◾ ယူကရိန်းအစိုးရအဖွဲ့ အဆောက်အအုံကို ရုရှားက လေကြောင်းတိုက်ခိုက်
၈.၉.၂၀၂၅
Translated by Htwe Ko Tun
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး နည်းလမ်းတွေကို ဆွေးနွေးကြဖို့ ဥရောပနိုင်ငံတွေက ခေါင်းဆောင်တွေဟာ စက်တင်ဘာ လ ၈ ရက် ဒါမှမဟုတ် ၉ ရက်မှာ အမေရိကန်ပြည်ထောင်စုကို လာရောက်ကြမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စက်တင်ဘာလ ၇ ရက်မှာပြောခဲ့ပါတယ်။
ဒါပေမယ့် ဘယ်သူတွေ ပါဝင်မယ်ဆိုတာ အတိအကျမပြောခဲ့ပါဘူး။
ထရမ့်ပ်က သူ့အနေနဲ့ ရုရှားသမ္မတပူတင်နဲ့လည်း သိပ်မကြာမီ ဖုန်းနဲ့ ဆွေးနွေးကြမယ်လို့လည်း ပြောခဲ့ပါတယ်။ တစ်ပြိုင် နက်တည်းမှာပဲ အမေရိကန်အစိုးရအနေနဲ့ ရုရှားနိုင်ငံကို ပိတ်ဆို့မှုတွေ ဒုတိယအဆင့်ပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေတယ်ဆိုတာ အချက်ပြလိုက်တာလည်းဖြစ်ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးကတော့ အမေရိကန်အစိုးရရဲ့ ရုရှားအပေါ် ပိတ်ဆို့မှုပြုရန် စီစဉ်မှုက ကောင်းမွန်တဲ့အကြံဉာဏ်ပဲလို့ ဆိုခဲ့ပြန်ပါတယ်။ သူက ဥရောပနိုင်ငံတွေကို ရုရှားနိုင်ငံဆီက စွမ်းအင်ဝယ်ယူနေမှု ရပ်တန့်ဖို့လည်းပြောခဲ့ပါတယ်။ သူက ယူကရိန်းရဲ့ ဥရောပမိတ်ဖက်နိုင်ငံတွေအနေနဲ့ ရုရှားနိုင်ငံဆီက ရေနံနဲ့ သဘာဝဓာတ်ငွေ့ကိုဝယ်နေကြတာက မျှတမှုမရှိဘူးလို့ အပြစ်တင်ခဲ့ပါတယ်။
တစ်ပြိုင်နက်တည်းမှာ ဥရောပသမဂ္ဂနိုင်ငံတွေရဲ့ခေါင်းဆောင်တွေကတော့ တကယ်လို့ ယူကရိန်းစစ်ပွဲ ပြီးဆုံးသွားရင်တောင် ယူကရိန်းနိုင်ငံအတွင်း ငြိမ်းချမ်းရေးကို အာမခံဖို့ သူတို့တပ်ဖွဲ့တွေချထားဖို့ ဆွေးနွေးနေကြတာပါ။
ဥရောပနေတိုးအုပ်စုရဲ့ ဒီလိုလှုပ်ရှားမှုတွေနဲ့အတူ ရုရှားအစိုးရက စက်တင်ဘာလ ၇ ရက်မှာတော့ စစ်ပွဲအတွင်း အကြီးမားဆုံးလေကြောင်းတိုက်ခိုက်မှုအနေနဲ့ မောင်းသူမဲ့လေယာဉ် ၈၀၀ ကျော် တပ်ဖြန့်ချကာ ယူကရိန်းမြို့တော် ကီးအက်ဗ်ရှိ အစိုးရအဆောက်အအုံရုံးကို ပထမဆုံးအကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားအစိုးရကလည်း တကယ်လို့များ ယူကရိန်းနိုင်ငံငြိမ်းချမ်းရေးကို အာမခံဖို့ဆိုပြီး ဥရောပနိုင်ငံတွေက တပ်ဖွဲ့တွေ ယူကရိန်းနိုင်ငံတွင်းရောက်လာကြရင် ရုရှားရဲ့ ပစ်မှတ်တွေဖြစ်လာမယ်လို့ သတိပေးထားပါတယ်။ ဒါ့ပြင် ရုရှားအစိုးရဘက်က ယူကရိန်းနိုင်ငံငြိမ်းချမ်းရေးကို အာမခံဖို့ဆိုတာ ရုရှားနိုင်ငံမပါဝင်ဘဲ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့လည်းဆိုထားပါတယ်။
ထရမ့်ပ်နဲ့ ပူတင်တို့ဟာ ဩဂုတ်လ ၁၅ ရက်က အလက်စကာပြည်နယ်မှာတွေ့ဆုံပြီး ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ယူကရိန်းစစ်ပွဲရပ်ဆိုင်းရေးအတွက် သိသာတဲ့တိုးတက်မှုတွေတော့ မရခဲ့ပါဘူး။ သူတို့နှစ်ဦး ဒုတိယအကြိမ်တွေ့ဆုံကြဦးမယ်ဆိုပေမယ့် လက်တွေ့မြေပြင်မှာ အပြန်အလှန် ဆန့်ကျင်ဆောင်ရွက်မှုတွေ၊ တိုက်ခိုက်မှုတွေနဲ့ အခြားနိုင်ငံများရဲ့ ပါဝင်စွက်ဖက်မှုတွေက စစ်ပွဲပြီးဆုံးရေးအတွက် တိုးတက်မှုတွေရရှိဖို့ အထူးနှောင့်နှေးနေစေတယ်လို့ဆိုရမှာပါ။
Ref-BBC, Tass
