၈.၉.၂၀၂၅
Written By Thandar
လူရွှင်တော် သရုပ်ဆောင် ဦးပေါ်လေးဟာ သွေးပေါင်ကျပြီး နှလုံးလေရိုက်လို့ မြောက်ဥက္ကလာပဆေးရုံမှာ အရေးပေါ် ဆေးကုသမှူခံယူနေရတယ်လို့ သမီးဖြစ်သူက MT Entertainment ကို ပြောပါတယ်။
“အဖေက တစ်နေ့က သွေးပေါင်တွေထိုးကျပြီးတော့ နှလုံးလေရိုက်ပြီးတော့ မူးသွားလို့ အရေးပေါ် မြောက်ဥက္ကလာပဆေးရုံတင်လိုက်ရတာပါ။ ဆေးစစ်ကြည့်တော့ နှလုံးသွေးကြောပိတ်နေတာ နည်းနည်းတော့ သက်သာလာပါပြီ။ အဖေက နှလုံးခွဲစိတ်ရမှာမို့ လောလောဆယ် ဆေးရုံမှာ ခွဲစိတ်ခန်းဝင်နေရတာပါ။ နှလုံးကို ပိုက်ထည့်ရမယ်ဆိုလားပဲ။ အမတို့လည်း သေချာတော့ မသိသေးပါဘူး။ ဆေးကုနေတုန်းမို့ စိတ်ပူလို့ မေးနေကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ လူရွှင်တော် ဦးပေါ်လေးရဲ့ သမီးဖြစ်သူက MT Entertainment ကို ပြောပါတယ်။
လူရွှင်တော်ဦးပေါ်လေးကို စက်တင်ဘာ ၇ ရက်နေ့ ညနေ ၆ နာရီကျော်အချိန်ကစ ဆေးရုံတင်ကုသနေရတာလည်းဖြစ်ပါတယ်။
ဒီ့အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး သီးသန့်ရန်ပုံငွေက ကျပ် ၂ သိန်းကျပ်ထောက်ပံ့ခဲ့သလို မြန်မာနိူင်ငံသဘင်အစည်းအရုံးဗဟို ဥက္ကဋ္ဌ ဦးဖိုးချစ်နဲ့ ဗဟိုသဘင်အဖွဲ့ကြီးက ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ကန်တော့ငွေ ကျပ် ၁၀ သိန်းတိတိသွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
“ကိုပေါ်လေး ကျန်းမာရေးကြောင့် ဆေးရုံတင်ရတဲ့သတင်း တွေ့တွေ့ခြင်းပဲ သွားလှူကြတာပါ။ နီးစပ်ရာရန်ပုံငွေလေးရှိတော့ အဆင်ပြေတာပေါ့။ ငွေကြေးကနည်းတယ်များဆိုတာ ဘဘတို့ဘက်မှာလည်း ကိုယ့်လောကသားတွေ လူဦးရေ ၃၀၀၀ ကျော်လောက်အထိ ကြည့်ရှုရတာပါ။ တရားဝင်ရန်ပုံငွေက ဘဘတို့ဘက်မှာ တစ်သိန်းပဲကူညီတာပါ။ ဒါပေမယ့် ဆေးရုံလက်မှတ်နဲ့ပေးတာပါ။ ပိုပြီးပေးဖို့ကလည်း သီးသန့်ရန်ပုံငွေထဲက ဆင်းရဲနွမ်းပါး တကယ်ခက်ခဲသူတွေကို ထည့်ဝင်လှူဖြစ်တာပါ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက MT Entertainment ကို ပြောပါတယ်။
#UKyiSoeTun #UPawLay #MMPA
#လူရွှင်တော်သရုပ်ဆောင်ဦးပေါ်လေး
#မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
#မြန်မာနိုင်ငံသဘင်အစည်းအရုံး
#လူရွှင်တော်ကြီးဦးပေါ်လေး



