၈. ၉. ၂၀၂၅
Written by Nay Moe
ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသဖြစ်သော ပုဂံညောင်ဦးမြို့နယ်တွင် PDF များက အမျိုးသားတစ်ဦးကို ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၆ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူ(မြောက်)ကျေးရွာ၏မြောက်ဘက် ၃ ဖာလုံခန့်အကွာ၌ အမျိုးသား တစ်ဦး ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် စဉ့်ကူ(မြောက်)ကျေးရွာနေ ဦးသူရ(၄၂)နှစ်အား ကျည်ထိမှန်ဒဏ်ရာဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် စဉ့်ကူ(မြောက်)ကျေးရွာမှ ကုက္ကိုချောင်းကျေးရွာဘက်သို့ တစ်ဦးတည်း ခြေလျင်ထွက်ခွာလာစဉ် စဉ့်ကူ(မြောက်)ကျေးရွာအနီးအရောက် PDF ခုနစ်ဦးခန့်က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်အတွင်းပါဝင်သည့် စဉ့်ကူ (မြောက်)ရွာသည် ပုဂံနှင့် ချောက်မြို့အကြား တည်ရှိသည်။ ယခုနှစ်ဇန်နဝါရီ ၅ ရက်တွင် ညောင်ဦးပကဖအဖွဲ့ ပုဂံပြည်ဘီလူးတပ်မှ PDF များက ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်ဒေသဖြစ်သော ပုဂံညောင်ဦးဒေသအတွင်း NUG ခိုင်းစေချက်နှင့်အညီ စစ်ဆင်ရေးလုပ်ဆောင်မည်ဟုကြေညာကာ ပြီးခဲ့သည့် ဇန်နဝါရီမှ ဇွန်လအတွင်း လက်နက်မဲ့ပြည်သူများစွာကို သတ်ဖြတ်လုယက်ခြင်းနှင့် ဆယ်တန်းပြန်ဖြေမည့် ကျောင်းသားကျောင်းသူကိုးဦးနှင့် မိသားစုများကို တပ်မတော်က စောင့်ရှောက်ပေးထားသည့်ကြားမှ ပြန်မဖြေအောင် ခြိမ်းခြောက်မှုပြုသည့်အဆုံး ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၂ ရက်အထိ စစ်ကြောင်းထိုးရှင်းလင်းရာ PDF ၁၁ ဦး သေဆုံးသွားပြီးနောက် ယခုအချိန်တွင် လက်နက်မဲ့ပြည်သူများကို “သတင်းပေး/ဒလန်”ဟု စွပ်စွဲကာ လိုက်လံ လက်တုံ့ပြန် ဖမ်းဆီးသတ်ဖြတ်မှုများ ပိုမိုဖြစ်ပွားနေပြီး ဇူလိုင်လမှ ယခု စက်တင်ဘာ ၆ ရက်အထိ ပုဂံညောင်ဦးဒေသတွင် PDF များက လက်နက်မဲ့ပြည်သူ ၁၀ ဦးထက်မနည်း သတ်ဖြတ်ထားသည်။
