၈. ၉. ၂၀၂၅
Written by Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီးရှိ မြစ်ရေတင်လုပ်ငန်းများမှ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း နွေစပါးနှင့် အခြားသီးနှံ စုစုပေါင်း ဧက ၂၀,၁၀၀ စိုက်ပျိုးရေပေးဝေရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မုဆိုးညောင်ပင်ရွာအနီးရှိ ငမိုးရိပ်လျှပ်စစ်ရေတင်လုပ်ငန်းနှင့် လက်ပံရေတင်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆိုလာစနစ်တွဲဖက်တပ်ဆင်အသုံးပြုသည့် မြစ်ရေတင်လုပ်ငန်း ငါးခုတွင် ဆိုလာကီလိုဝပ် ၁,၀၅၇ ဒသမ ၁ ကီလိုဝပ်နှင့် ဆိုလာစနစ်သီးသန့် ရေတင်လုပ်ငန်းများအဖြစ် ရေတင်လုပ်ငန်း ငါးခုတွင် ဆိုလာကီလိုဝပ် ၇၂၆ ကီလိုဝပ် စုစုပေါင်းဆိုလာကီလိုဝပ် ၁၇၈၃ ဒသမ ၁ ကီလိုဝပ် တပ်ဆင်ပြီးဖြစ်သည်။
အလားတူ လှည်းကူးမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့်တည်ဆောက်မည့် ဆိုလာကီလိုဝပ် ၅,၀၅၀ တပ်ဆင်ရန် တင်ဒါခေါ်ယူဆောင်ရွက်ပြီးဖြစ်ကာ အဆိုပါလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက စုစုပေါင်းဆိုလာကီလိုဝပ် ၆,၈၃၃ ဒသမ ၁ ကို မြစ်ရေတင်လုပ်ငန်းများတွင် အသုံးပြုနိုင်မည်ဖြစ်၍ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်မည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှစ်ခုတွင် တည်ဆောက်ပြီး မြစ်ရေတင်လုပ်ငန်း ၂၃ ခုမှ အကျိုးပြုဧက ၂၆,၀၀၀ ကျော်နှင့် ဆောင်ရွက်ဆဲမြစ်ရေတင်စီမံကိန်းတစ်ခုမှ အကျိုးပြုဧက ၁,၅၀၀ စုစုပေါင်းမြစ်ရေတင် ၂၄ ခုမှ အကျိုးပြုဧက ၂၇,၈၀၀ ကျော် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် နွေစပါးဧက ၁၇၄၀၀ ကျော်နှင့် အခြားသီးနှံဧက ၂၆၀၀ ကျော်၊ စုစုပေါင်း ဧက ၂၀,၁၀၀ ကို ရေပေးဝေရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
