၈. ၉. ၂၀၂၅
Written by Nay Moe
အုတ်ဖိုမြို့နယ်၊ ကန်သာယာရွာအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး(ပြည်သူ့စစ်)ခေါင်းဆောင်ဟုဆိုကာ စွပ်စွဲခံရသူတို့ လက်နက်မဲ့သူနှစ်ဦးကို သာယာဝတီ PDF များ သွားရောက်သတ်ဖြတ်မှုဖြစ်စဥ်အတွင်း ပျူစောထီးခေါင်းဆောင်ဟု သမုတ်ခံရသူ တစ်ဦးလွတ်မြောက်သွားသော်လည်း အုပ်ချုပ်ရေးမှူးကို သတ်ဖြတ်လိုက်နိုင်သည်ဟု ကျူးလွန်သည့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ယခုဝန်ခံသည်။
ကျူးလွန်မှုဖြစ်စဥ်မှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကန်သာယာရွာနေ ကန်သာယာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်း နှင့် ပျူခေါင်းဆောင်ဟုဆိုသူ ဦးလှရွှေတို့အား စက်တင်ဘာ ၆ ရက် ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဦးလှရွှေ၏ အိမ်ရှေ့၌ စကားပြောနေကြစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့ က ဝင်ရောက်တိုက်ခိုက်သတ်ဖြတ်ခဲ့ကြသည်။
လက်နက်မဲ့သူနှစ်ဦးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဝင်ရောက်သတ်ဖြတ်စဥ် ဦးထွန်းသိန်း နေရာတင် သေဆုံးသွားသော်လည်း ဦးလှရွှေမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်းနှင့် PDF များက အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်း၏ နေအိမ်မှ စစ်မှုထမ်းစာရွက်များနှင့် အခြားစာရွက်စာတမ်းများကို မီးရှို့ခဲ့ကြောင်း ဝန်ခံချက်တွင် ဖော်ပြထားသည်။
အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းသည် စစ်တပ်၏ အမာခံထောက်တိုင်ဖြစ်သလို ပြည်သူလူထုအား ဖိနှိပ်ရန် ပျူခေါင်းဆောင်များအား အမိန့်ပေးခြင်း၊ ရွေးကောက်ပွဲ၌ ပျူစောထီးအဖွဲ့များ လုံခြုံရေးယူကြရန် ဖိအားပေးပြောဆိုခြင်း၊ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ အတင်းအကြပ်ဆပ်ခိုင်းပြီး မဆပ်ပါက စစ်တပ်ခေါ်ဖမ်းမည်ဟု ခြိမ်းခြောက်ခြင်း၊ စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူများထံမှ ငွေကြေးများ အတင်းအကြပ် ကောက်ခံခြင်း၊ လူငယ်များအား စစ်မှုထမ်းရန် အတင်းအကြပ် စုဆောင်းခြင်းများ လုပ်ဆောင်နေသောကြောင့် ယခုလို သတ်ဖြတ်သည်ဟု ကျူးလွန်သည့် PDF များက အကြောင်းပြချက်ပေးသော်လည်း ထိုစွပ်စွဲချက်များ မှန် မမှန် MT News က မြေပြင်အတည်မပြုနိုင်ချေ။
ပဲခူးတိုင်းမှ PDF များသည် လက်နက်မဲ့နိုင်ငံ့ဝန်ထမ်းများကို အများဆုံးသတ်ဖြတ်နေသော တိုင်းဒေသကြီးတစ်ခုဖြစ်သော်လည်း ကျူးလွန်သည့် PDF များကို ဖမ်းဆီးနှိမ်နင်းနိုင်မှု နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယနေ့အချိန်အထိ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD,CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
