၈.၉.၂၀၂၅
Writtem By Zun
ဓားထောက်လုယက်သူ ၄ ဦးကို ရပ်ကွက်နေသူများက ဖမ်းဆီး၍ ရဲလက်အပ်မှု ယမန်နေ့ စက်တင်ဘာလ ၇ ရက် ညနေ ၅ နာရီခွဲခန့် အချိန်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက် တာရိုးကုန်းလမ်း(ဒေသအခေါ်)တွင် ကျန်းမာရေးအတွက် လမ်းလျှောက်နေသည့် အမျိုးသမီးတစ်ဦးအား အမျိုးသား ခြောက်ဦးက ဓားဖြင့်ထောက်ကာ လုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လမ်းလျှောက်နေတဲ့ အမျိုးသမီးဆီက လက်စွပ်နဲ့ ဖုန်းကို ဓားနဲ့ ထောက်ပြီး လုသွားတာ။ အဲဒီအမျိုးသမီးရဲ့ လက်မှာ ဓားဒဏ်ရာ ရသွားတယ်။ အရမ်းကြီးတော့ မများဘူး။ အဲဒါကို ဒေသခံတွေက တွေ့တယ်။ တွေ့တဲ့အတွက် ဝိုင်းပြီး လိုက်ကြတာ။ ၆ ယောက်ထဲက ၄ ယောက် မိတယ်။ ဆိုင်ကယ်က တစ်စီး။ ကျန်တဲ့ ၂ ယောက်လည်း မိမှာပဲလေ။ သူတို့ အချင်းချင်း စစ်တဲ့အခါ ပေါ်မှာပေါ့”ဟု ဒေသခံံတစ်ဦးက MT News ကို ပြောသည်။
အဆိုပါ ဖမ်းမိသူများကို ရပ်ကွက်နေပြည်သူများက သက်ဆိုင်ရာနယ်မြေခံ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် လက်ရှိတွင် ရဲတပ်ဖွဲ့က လွတ်မြောက်နေသူ ၂ ဦးကိုလည်း အမြန်ဖမ်းမိနိုင်ရေး ကြိုးပမ်းပေးနေကြောင်း သိရသည်။



