၈.၉.၂၀၂၅
Written by Hey Mar
မောင်နှမချင်းစကားများရာက မောင်က အမကို ဓားးနဲ့ အချက်ပေါင်းများစွာ ထိုးသတ်တဲ့ဖြစ်စဉ် မနေ့က စက်တင်ဘာ ၇ ရက်နေ့ ညဦးပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ နယ်မြေ ၁၃ အတွင်းရှိ နေအိမ်တစ်အိမ်မှာ တစ်ရပ်ကွက်တည်းနေ မောင်နှမချင်း စကားများကြရင်း မောင်ဖြစ်သူက အမဖြစ်သူကို ဓားနဲ့အချက်ပေါင်းများစွာထိုးသတ်လို့ အမဖြစ်သူ အသက် ၃၅ နှစ်အရွယ်ဝန်းကျင် အမျိုးသမီးမှာ နေရာတင်သေဆုံးခဲ့တာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ ရပ်ကွက်နေပြည်သူတွေက အကြောင်းကြားခဲ့တာလို့ သိရပါတယ်။
မျိုးဆက်သစ်လူမှုကူညီရေးအသင်းတာဝန်ရှိသူက “သက်ဆိုင်ရာက စစ်ဆေးမှုတွေပြီးလို့ ကျွန်တော်တို့ကို အလောင်းသယ်ပေးဖို့ လှမ်းခေါ်ပါတယ်။ ဓားဒဏ်ရာက အချက်ရေ အတော်များပါတယ်။ အသေးစိတ် မစစ်ကြည့်မိပေမယ့် မြင်ရတဲ့ ဒဏ်ရာကြီးတွေတင် ဗိုက်တွေ၊ နံဘေးတွေ၊ ကျောကုန်းတွေမှာ အတော်များပါတယ်” လို့ MT News က ဆက်သွယ် မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။
အဆိုပါ အစ်မဖြစ်သူကို သတ်ခဲ့တဲ့ မောင်အရင်းကိုလည်း အချိန်နဲ့တစ်ပြေးညီ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ဖမ်းဆီးနိုင်ခဲ့ပြီး သေဆုံးသူ အမျိုးသမီးကို လူမှုကူညီရေး အသင်းယာဉ်နဲ့ ဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
