၈. ၉. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့ရှိ နေအိမ်တစ်ခုတွင် အသက် ၄၁ နှစ်အရွယ်ရှိသော ဇနီးဖြစ်သူအပေါ် သဝန်တိုစိတ်ပြင်းပြနေသည့် အသက် ၇၅ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးက ၎င်း၏ဇနီးနှင့် သူကိုယ်သူ သေနတ်ဖြင့် ပစ်ခတ်သဖြင့် နှစ်လောင်းပြိုင်သေဆုံးမှု စက်တင်ဘာ ၇ ရက်နေ့က ဖြစ်ပွားခဲ့ရသည်။

အဆိုပါ နှစ်လောင်းပြိုင်ဖြစ်စဥ်အပေါ် ချွန်ဘူရီမြို့ရှိ ခလုံကီရူးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များထံသို့ နံနက် ၈ နာရီတွင် သတင်းပေးပို့ခဲ့သဖြင့် တာဝန်ရှိသူများက ဘန်းဘူးခရိုင်၊ ခလုံကီရူးမြို့နယ်၊ မူး ၇ ရှိ တစ်ထပ်နေအိမ်သို့ သွားရောက်စစ်ဆေးရာ နေအိမ်ပိုင်ရှင် ဇနီးမောင်နှံနှစ်ဦး၏ အလောင်းများကို တွေ့ရှိခဲ့သည်။
အိမ်အတွင်းတွင် ခင်ပွန်းဖြစ်သူ ဗီနတ်အား ခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် ဆိုဖာပေါ်တွင် သေဆုံးနေသည်ကို ရဲများက တွေ့ရှိခဲ့သည်။ အနီးရှိ အခန်းတစ်ခန်းတွင် ဇနီးဖြစ်သူ နာပါပေါ်အား နောက်ကျောတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး ခင်ပွန်း၏သေနတ်ဖြင့်ပင် ပစ်ခတ်သတ်ဖြတ်ထားခြင်းဖြစ်သည်။ အခင်းဖြစ်ပွားရာနေရာမှ သေနတ်ကျည်ခွံများကိုလည်း တွေ့ရှိခဲ့သည်။
ထိုဖြစ်ရပ်အပေါ် အိမ်နီးချင်းများက စက်တင်ဘာလ ၆ ရက်နေ့ ည ၉ နာရီခန့်နှင့် ည ၁၀ နာရီခန့်တို့တွင် သေနတ်သံများ ကြားရကြောင်း ပြောပြခဲ့သည်။ ကနဦးစစ်ဆေးမှုများအရ ပထမဆုံး ဇနီးဖြစ်သူကို ပစ်သတ်ပြီးမှသာ ခင်ပွန်းဖြစ်သူက သူ့ကိုယ်သူ သေနတ်ဖြင့် အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ဇနီးမောင်နှံသည် အသက် ၃၄ နှစ် ကွာဟပြီး ခင်ပွန်းဖြစ်သူသည် သဝန်တို၊ ပိုင်ဆိုင်လိုစိတ်ပြင်းပြသူဖြစ်ကြောင်း သိရသည်။ ဇနီးဖြစ်သူသည် စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေပြီး စနေ၊ တနင်္ဂနွေနေ့များတွင် အိမ်သို့ ပြန်မလာခြင်းကြောင့် မကြာခဏ အချင်းများလေ့ရှိသည်။ ပြန်လည်သင့်မြတ်ရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့သောကြောင့် ကြေကွဲဖွယ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဟု ယူဆရသည်။
အလောင်းများ စတင်မြင်တွေ့သူ ဘီဟု ခေါ်သော အမျိုးသမီးတစ်ဦးက အလောင်းများကို တွေ့ရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ သူမသည် အိမ်လခပေးရန် ထိုအိမ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး မည်သူမျှ တံခါးဖွင့်မပေးသဖြင့် ဇနီးသည်အမည်အား အော်ခေါ်ကာ အိမ်ထဲဝင်ကြည့်ရာမှ ဆိုဖာပေါ်တွင် အိပ်ပျော်နေသည်ဟုထင်ရသော အမျိုးသားကို သွေးများနှင့် လက်နက်ကို တွေ့ရှိခဲ့ချိန် ထိတ်လန့်သွားပြီး ရဲများကို အကူအညီတောင်းခံခဲ့ကြောင်း KhaoSod သတင်းတွင် ဖော်ပြထားသည်။
Ref, The Thaiger
