နေမိုး
၈. ၉. ၂၀၂၅
ကံကောင်းခြင်းရတနာ အထပ်သားစက်ရုံတွင်ရှိနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြမ်းဖက်အဖွဲ့အစည်းနှင့် မတရားအသင်းအဖြစ် ကြေညာခံထားရသည့် KNU နှင့် PDF ၆ ဦးက သတင်းပေးဟု စွပ်စွဲကာ ပစ်သတ်သွားမှု ဘီးလင်းမြို့တွင်ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
ကျုးလွန်မှုဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၆ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဖိုးလှကြီးရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆန်းနိုင်(၅၉) နှစ်သည် အလူးကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ “ကံကောင်းခြင်းရတနာ” အထပ်သားစက်ရုံ၌ ရှိနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့ အင်အား ၆ ဦး ရောက်ရှိလာပြီး ဦးဆန်းနိုင်အား “သတင်းပေး” ဟု ပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းမှာ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယနေ့အချိန်အထိ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD,CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
