◾ သေဆုံးသည့်အမျိုးသမီးမှာ တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပြီး ကလေးမွေးပြီး နောက်တစ်နေ့တွင် ဆုံးပါးခဲ့ခြင်းဖြစ်ကြောင်း သိရ
၇.၉.၂၀၂၅
Written By Zun
ဗိုက်ခွဲကလေးမွေးသည့်အမျိုးသမီးတစ်ဦး သေဆုံးသွားမှု ဖြစ်ပွားပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်က ပုဂ္ဂလိကဆေးခန်းတစ်ခုကို သက်ဆိုင်ရာက ပိတ်ခိုင်းထားကြောင်း ဒေသခံများထံမှ သိရသည်။

ယင်း သေဆုံးသည့် အမျိုးသမီးမှာ အသက် ၃၃ နှစ်အရွယ် တရားလွှတ်တော်ရှေ့နေ မအိအိအေးဆိုသူ ဖြစ်ပြီး စက်တင်ဘာလ ၄ ရက် နံနက်က ဒလမြို့နယ်ရှိ ပုဂ္ဂလိကဆေးခန်းတွင် ဗိုက်ခွဲကာ သားယောကျ်ားလေးတစ်ဦးကို သူမက မွေးဖွားခဲ့ခြင်း ဖြစ်သည်။
“ခွဲပြီး မွေးပြီးတဲ့နောက် လူနာကို ခဏနေရင် ရေလေး နည်းနည်းတိုက်ပေးတဲ့။ ပြီးလို့ ရှိရင် ချိုတဲ့အရသာလေး ပါတဲ့ဟာ၊ အရမ်းအချိုကြီးမတိုက်နဲ့တဲ့။ အိုဗာတင်းတို့ မိုင်လိုတို့ဟာမျိုးပေါ့နော်။ အဲဒါလေးကို ကျဲကျဲလေး ဖျော်တိုက်တဲ့။ ချိုတာကိုတော့ အရမ်းမတိုက်နဲ့တဲ့။ ဒါကြောင့် အဲဒီအတိုင်း တိုက်တယ်။ သူတို့က ညနေ ၅ နာရီလောက်ဆိုရင် ဆန်ပြုတ်ရေကျဲလေး တိုက်ပါလို့ ပြောတယ်။နောက်နေ့မနက်မှ အစာကို ကျွေးရမယ်တဲ့။သူ (ဆေးခန်းက ဆရာဝန်)ကိုယ်တိုင်ပြောသွားလို့ ကျွန်မတို့က ကြပ်ကြပ်မတ်မတ် အဲဒီအတိုင်း လိုက်လုပ်ပါတယ်။ ညနေ ၄ နာရီကျော်တဲ့အချိန်မှာ သူက သွေးတွေ တအားဆင်းပြီးတော့ ချွေးစီးတွေလည်းပြန်နေတယ်။ အသက်ရှူလည်း ကျပ် တယ်လို့ ဖြစ်နေတော့ သွားခေါ်လိုက်တော့ သူက အပြစ်တင်စကားပြောတယ်။ လူနာကိုတဲ့ ဘာတွေကျွေးလဲတဲ့။ ကျွန်မတို့ကလည်း ဆရာပြောသလိုပဲ တိုက်တယ်လို့ ပြောတယ်။ သုံးပုံတစ်ပုံလောက် ဝင်သွားတယ်လို့။ ဆရာက ဆန်ပြုတ်လေးကို ညနေမှဆိုလို့ ပြုတ်ယူလာတယ်။ ဆရာက ညနေ ၅ နာရီမှဆိုလို့ ပြောတော့ ခင်ဗျားတို့က အစာဝင်အောင်ကျွေးပါဆိုတာကို အစာဝင်အောင် မကျွေးဘူးတဲ့။ ကိုယ့်ကို အပြစ်တင်တဲ့စကားပြောတယ်ရှင့်။ အဲဒီအချိန်မှာ OG ကို ဖုန်းလှမ်းဆက်တော့ OG က လာနေပြီတဲ့။ ဇက်ကူးနေတယ်တဲ့။ သူက ဒီမှာ ဖြစ်နေတာကို ပြောပြထားလို့ OG က သွေးလိုတယ်တဲ့။ သွေးရှာထားတဲ့။ အဲဒီအချိန်မှာ ကိုယ်ကပဲ သွေးလိုက်ရှာရတယ်။ တစ်ယောက် ရတယ်။ သူတို့ပြောတဲ့အချိန်နဲ့ဆိုရင် နာရီဝက်အတွင်း တစ်ယောက်ရတယ်။ ၄ နာရီခွဲ ၅ နာရီလောက် ရှိပြီရှင့်။ သွေးလှုရှင်က ကျွန်မ သွေးလှူမှာပါလို့ ပြောပြီး အပေါ်ထပ်ကို တက်သွားတာ။ည ၇ နာရီခွဲလောက်ထိ သွေးက မရသေးဘူး။ ရန်ကုန်ဘက်ကို သွားဖို့ ဘယ်လို သွားမှာလဲတဲ့ OG က။ ကိုယ့်ဘာကိုယ် အဆင်ပြေသလို သွားတဲ့။ကိုယ်တွေက မသိ နားမလည်ဘူး။ သမ္ဗာန်နဲ့ ဆိုရင်လည်း အတင်အချတွေနဲ့၊ မိုးနဲ့လေနဲ့ ဆိုတော့ ကားသမားက မေးတယ်။ သွေးကလည်း တအားဆင်းနေတော့ လှုပ်လိုက်ရင် ဆင်းနေတာ။ ကားက လမ်းမှာ ဆီထည့်သေးတယ်။ ကားကတော့ ပတ်မောင်းရတာပေါ့။ ခရီး သုံးပုံ တစ်ပုံလောက် ရောက်တော့ အသက်ရှူတွေ ကျပ်လာတယ်။အောက်စီဂျင်တွေ တင်ရတယ်။ ကားထဲမှာ မွေးကာစ တစ်ရက်သား ကလေးကို ခေါ်သွားရမှာ။ လူနာကိုလည်း ဆေးတွေ ချိတ်ထားရတယ်ဆိုတော့။ ဆေးခန်းက ဘယ်သူပါမှာလဲ ဆိုတော့ ဘယ်သူမှ မပါဘူးတဲ့။ ညီမလေးရဲ့ အမျိုးသားကိုလည်း ဆေးဝယ်ဖို့ လွှတ်ထားတယ်ဆိုတော့ ကလေးကို ချီထားရတယ် ဆိုတော့ လူနာအတွက်က လူလိုတော့ ဆေးခန်းက ကျွန်မသားကလေးလေးကို သင်ပေးသလိုလုပ်တယ်။ ကျွန်မသားက သားလည်း မလုပ်တတ်ဘူးတဲ့။ အဲလို ပြောတော့မှ ဆေးခန်းက ၂ ယောက် ထည့်ပေးတယ်။ ကားပေါ်ရောက်တော့ လိုက်လာတဲ့ သူနာပြု ၂ ယောက်က သမီးတို့လည်း ဘာမှ မကျွမ်းကျင်ဘူးနော်တဲ့။ဗဟိုအမျိုးသမီးဆေးရုံအဝင်မှာ ည ၉ နာရီကျော်လောက် ရောက်တယ်။ ရောက်တဲ့အချိန်မှာ လူနာက သတိမေ့နေပြီ။ အဲဒီကနေ ဆေးရုံရောက်တော့ လူနာကို အသက် ကယ်ကြတယ်ပေါ့။ သွေးက ၈ လုံး သွင်းရတယ်။ အပေါ် အထူးကြပ်မတ်ခန်းကိုတင်တော့ သွေးတွေက ဒလဟောဆင်းတယ်။သတိတွေ လစ်တယ်။ အဲဒါပြီးတော့ ခွဲခန်းဝင်ရမယ်။ လက်မှတ် ထိုးပေးပါဆိုလို့ ထိုးပေးလိုက်တယ်။ အဲဒီနောက်မှ ထပ်လာတာက သားအိမ် ထုတ်ရမယ်လို့ ထပ်ရေးထားတာကို ရေးဖို့ ကျန်နေလို့ဆိုပြီး လာပြတယ်။ ညီမလေးက ခွဲခန်း ဝင်တော့ ည ၁၁ နာရီ လောက်ရှိပြီလို့ ထင်ပါတယ်။ ပြန်ထွက်လာတော့ ၂ နာရီ(စက်တင်ဘာလ ၅ ရက်နံနက်) လောက် ရှိနေပြီ။ အဲဒီ အချိန်မှာ မေ့ဆေးပြန်ပျယ်ရန် ပြန်ကောင်းနိုးနိုးနဲ့ မျှော်လင့်စောင့်ဆိုင်းနေကြတာပေါ့။ သားအိမ်လည်း ထုတ်ပြီးပြီဆိုတော့ ပြန်ကောင်းလာနိုးပေါ့။ ထွက်လာပြီးတော့ လက်တွေ လှုပ်ရှားတာ ရှိတယ်။ ရုန်း တယ်ပေါ့။ ဆရာဝန်တွေလည်း လာလုပ်ပေးကြ တာပေါ့။ ဒါပေမဲ့ မနက် ၆ နာရီလောက်ကျတော့ ချိတ်ထားတဲ့စက်တွေမှာ ဂဏန်းတွေလည်း အကုန်လုံး ပျောက်သွားတယ်။ ဆုံးသွားတာပေါ့။ညီမလေးရဲ့ အပြင်မှာ OG နဲ့ ပြခဲ့တဲ့ စာအုပ်တွေ၊ကလေးမွေးတာအပါပေါ အဲဒီ ဆေးမှတ်တမ်းတွေ ကို အခု ပြန်တောင်းတာတော့ မရသေးဘူး။ပေးခွင့် မရှိဘူးလို့ ပြောပါ တယ်”ဟု သေဆုံးသူ အမျိုးသမီး၏ အစ်မက MT News ကို ပြောသည်။

အဆိုပါ သေဆုံးသူကို ယနေ့ စက်တင်ဘာလ ၇ ရက်တွင် ဒလမြို့၊ ဓနိတောသုသာန်၌ မွန်းလွဲ ၂ နာရီ ကျော်အချိန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း၊ ကလေးဗိုက်ခွဲမွေးသည့် အမျိုးသမီးမှာ ကလေးမမွေးမီအချိန်တွင် ကျန်းမာ သန်စွမ်းသူတစ်ဦးဖြစ်သောကြောင့် ယခုကဲ့သို့ သေဆုံးခဲ့သည့် အဖြစ်အပျက်ကို မိသားစုဆွေမျိုးသားချင်းနှင့် မိတ်ဆွေများက ယူကြုံးမရ ဖြစ်နေကြကြောင်း သိရသည်။

“ပုဂ္ဂလိကအထူးကုဆေးခန်းကို အားကိုးမိလို့၊ ပေါ့ဆခံလိုက်ရပြီဆရာမရေ။ လုပ်လိုက်တဲ့အထူးကုဆေးခန်းက နာရေးကို လာပြောပါတယ်တဲ့။ သူတို့မှာ တာဝန်ရှိနေတယ်ဆိုပေမဲ့ တာဝန်ယူစရာမကျန်ခဲ့ဘူးဆိုတာမျိုး၊ လက်လွန်ခြေလွန်သွေးတွေသွန်နေတာတောင် ရန်ကုန်ပို့ဖို့လူနာတင်ကားကို ကာယကံရှင်က လိုက်ရှာခေါ်မှရတာမျိုး၊ စက်တင်ဘာ ၄ ရက် မနက် ၉ နာရီကတည်းက ကလေးကို သားအိမ်ထဲကထုတ်ပြီးနောက်မှ ခွဲခန်းထဲဘာဖြစ်တယ်မသိ။ သွေးတွေအဆမတန်ထွက်နေတာကို တစ်နေ့လုံး ဒလဘက်ကမ်းက သူတို့အထူးကုဆေးခန်းမှာသာ OG က ပြန်လာ မကြည့်ဘဲထားတာမျိုး၊ လူနာတင်ယာဉ်ကားပေါ်မှာ သွေးပုလင်းမချိတ်ဘဲ အဲဒီအထူးကုဆေးခန်းကနေ ပေါ့ပေါ့ဆဆ ပို့လွှတ်လိုက်တာမျိုး၊ အထူးကုဆေးခန်းကနေ သူနာပြုမထည့်ပေးလိုက်လို့ လူနာရှင်က တောင်းဆိုပါများမှ ထည့်ပေးလိုက်တာမျိုး၊ ဆေးချိတ်ရမယ့်ပုလင်းတောင် သေဆုံးသူဆရာမ ရဲ့အမဖြစ်သူ အမျိုးသမီး ချိတ်လဲဖို့ နှုတ်နဲ့ စီစဉ်ပေးလို့ သေဆုံးသူရဲ့အမက “မွေးခါစ တစ်ရက်သားကလေးနဲ့ လူနာတင်ယာဉ်ပေါ်မှာ ပုလင်းလဲပေးဖို့ မတတ်နိုင်ပါဘူးဆိုမှ သူနာပြုဆရာမ ၂ ယောက်ထည့်ပေးလိုက်ပေမဲ့ သွေးပုလင်း မချိတ်ပေးတာတွေတော့ တကယ်အရမ်းကို လွန်ပါတယ်။ အခုကတော့ ဒလမှာ အဲဒီဆေးခန်းက ပိတ်ခိုင်းလို့ ပိတ်ထားတယ်လို့ သိရတယ်။ဘယ်လိုပုံစံနဲ့ ပိတ်သလဲတော့ မသိဘူးပေါ့”ဟု သေဆုံးသူ၏ လုပ်ဖော်ကိုင်ဘက်တစ်ဦးက MT News ကို ပြောသည်။

အဆိုပါဖြစ်စဥ်တွင် ကနဦးခွဲစိတ်သည့် ပုဂ္ဂလိကဆေးခန်းမှာ စွမ်းထက်ဟုဆိုသည့် ဆေးခန်းဟုလည်း သိရပြီး ထိုဆေးခန်း Page တွင် ဖော်ပြထားသည့် Viber ဖုန်းနံပါတ်ကို MT News က ဆက်သွယ်ကာ ဖြစ်စဥ်မှန် မမှန်၊ တာဝန်ယူပေးမှုအခြေအနေ၊ ဆေးခန်းပိတ်ထားရမှု ဟုတ် မဟုတ်တို့ကို ဆက်သွယ်မေးမြန်းရာ မေးမြန်းမှု တွေ့မြင်သော်လည်း ယခုအချိန်အထိ ပြန်လည်ဖြေဆိုမှုမရှိသေးချေ။

MT News သတင်းဌာနအနေဖြင့် ထိုဖြစ်စဥ်အပေါ် တာဝန်ရှိသူများ၊ ဆေးခန်းတို့ကို ဆက်လက်စုံစမ်းမေးမြန်းနေပြီး ပြန်လည်ဖြေဆိုသည်များကို ထပ်မံဖော်ပြပေးမည်ဖြစ်သည်။
