နေမိုး
၇. ၉. ၂၀၂၅
အုတ်ဖိုမြို့နယ်၊ ပြည်တော်သာရွာနေ ဆိုင်ကယ် ကယ်ရီမောင်းသူ အမျိုးသားတစ်ဦးကို သတင်းပေး ပျူစောထီးဟု စွပ်စွဲကာ သာယာဝတီ PDF အဖွဲ့က ဖမ်းဆီး သတ်ဖြတ်ပြီး ဆိုင်ကယ်တစ်စီးပါ လုယက်လိုက်ကြသည်ဟု ကျူးလွန်သည့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ယနေ့ ဝန်ခံသည်။

ကျူးလွန်မှု ဖြစ်စဥ်မှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြည်တော်သာရွာနေ ကိုပြည့်စုံဆိုသူအား သတင်းပေး ပျူစောထီးဆိုကာ ဩဂုတ် ၁၆ ရက် ညနေ ၅ နာရီခန့်တွင် မင်းလှဆည်ဘောင်ပေါ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့ က ပစ်ခတ်သတ်ဖြတ်ပြီး ၎င်းထံမှ ဆိုင်ကယ် တစ်စီးနှင့် ကီးပတ်ဖုန်း တစ်လုံးပါ လုယက်သိမ်းဆည်းလိုက်ကြခြင်းဖြစ်သည်။

PDF သတ်ဖြတ်ခံရသူ ကိုပြည့်စုံသည် အေးမြသာယာမြို့၌ နာမည်ဆိုးဖြင့် လူသိများသည့် ပျူခေါင်းဆောင် ဝန ၏ တပည့်ဖြစ်ပြီး ဆိုင်ကယ်ကယ်ရီသမား အယောင်ဆောင်ကာ တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားသွားလာမှုများအား စုံစမ်းထောက်လှမ်း၍ သတင်းပေးခြင်း၊ တော်လှန်ရေးကို အားပေးကူညီသူများအား သတင်းစုံစမ်း၍ ဖမ်းဆီးပေးခြင်း၊ လူငယ်များအား ပေါ်တာဆွဲဖမ်းဆီးခြင်းများ လုပ်ဆောင်နေသောကြောင့် ယခုလို သတ်ဖြတ်လိုက်ဟု ဆင်ခြေပေးထားသော်လည်း ထိုစွပ်စွဲချက်များ မှန်မမှန်သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က သက်သေပြနိုင်ခြင်းမရှိချေ။

ပဲခူးတိုင်းမှ PDF များသည် လက်နက်မဲ့နိုင်ငံ့ဝန်ထမ်းများကို အများဆုံးသတ်ဖြတ်နေသော တိုင်းဒေသကြီးတစ်ခုဖြစ်သော်လည်း ကျူးလွန်သည့် PDF များကို ဖမ်းဆီးနှိမ်နင်းနိုင်မှု နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယနေ့အချိန်အထိ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD,CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
