သတိုး
၇. ၉. ၂၀၂၅

ဒီနေ့ ည စက်တင်ဘာ ၇ ရက်နေ့ညမှာတော့ မိုးတိမ်ကင်းစင်နေမယ်ဆိုရင် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့လူဦးရေရဲ့ ၈၅ ရာခိိုင်နှုန်းဖြစ်တဲ့ လူပေါင်း သန်း ၇၀၀၀ ကျော်ဟာ အခုနှစ် ၂၀၂၅ ခုနစ်အတွက် နောက်ဆုံး လကြတ်ခြင်းဖြစ်စဉ်ကို မြင်တွေ့ခွင့်ရမှာပဲဖြစ်တယ်လို့ MASES (မြန်မာ့နက္ခတ်တာရာနှင့် သိပ္ပံပညာ ဝါသနာရှင်များအသင်း)က ပြောပါတယ်။

လအပြည့်ကြတ်မယ့် အဆင့်တစ်ခုတည်းကို ၁ နာရီနဲ့ ၂၂ မိနစ် ကြာမြင်တွေ့ရမှာဖြစ်ပြီး လကြတ်ခြင်းဖြစ်စဉ်အစအဆုံးအနေနဲ့ကတော့ ကြာမြင့်ချိန် ၅ နာရီ ၂၇ မိနစ်ခန့် ကြာမြင့်မှာလည်းဖြစ်ပါတယ်။

လကြတ်ခြင်း စတင်မယ့် ဒီနေ့ စက်တင်ဘာလ ၇ ရက် ည ၁၀ နာရီ ၅၇ မိနစ်ကနေ ည ၁၂ နာရီအထိ လရဲ့အရောင်ဟာ မူလအဖြူရောင်ကနေ အနီရောင်ကို တဖြည်းဖြည်း ပြောင်းလဲသွားမှာဖြစ်ပြီး ည ၁၂ နာရီကနေ စက်တင်ဘာ ၈ ရက် မနက် ၁ နာရီ ၂၂ မိနစ်အချိန်အထိ လမင်းကြီးကို အနီရောင်အဆင်းနဲ့ မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ လမင်းကြီးဟာ တဖြည်းဖြည်းအဖြူရောင်ပြန်ပြောင်းလာပြီး မနက် ၃ နာရီ ၂၅ မိနစ်အချိန်မှာ လကြတ်ခြင်းဖြစ်စဉ်အားလုံး ပြီးဆုံးသွားမှာဖြစ်ပါတယ်။

လကြတ်ခြင်းဖြစ်စဉ်ဆိုတာ နေ – ကမ္ဘာ – လတို့ တစ်တန်းတည်းကျရောက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး ဒီဖြစ်စဉ်မှာ ကမ္ဘာရဲ့အရိပ်က လပေါ်ကို သွားပြီး ကျရောက်တာကြောင့် လကြတ်ခြင်းဖြစ်စဉ်ဖြစ်ပေါ်လာရတာပါ။
ဒါပေမယ့် လရဲ့ ကမ္ဘာကို ပတ်နေတဲ့လမ်းကြောင်း နဲ့ ကမ္ဘာကနေ နေကို ပတ်နေတဲ့ လမ်းကြောင်းနှစ်ခုဟာ တစ်ခုနဲ့ တစ်ခု ၅ ဒီဂရီခန့် တိမ်းစောင်းနေတာကြောင့် လကြတ်ခြင်းဟာ လစဉ် မဖြစ်ပေါ်ဘဲ တစ်နှစ်ကို ပျမ်းမျှ နှစ်ကြိမ်ခန့်သာဖြစ်ပေါ်တာဖြစ်ပါတယ်။

လက်ရှိအချိန် လကြတ်မှုစတင်နေပြီဖြစ်သလို ကမ္ဘာတစ်ဝန်းက မီဒီယာတွေ၊ နက္ခတ်တာရာအဖွဲ့အစည်းတွေက Live လွှင့်ပြသနေတာလည်း တွေ့မြင်ရပါတယ်။
◾ Website တွင် ဆက်လက် ဖတ်ရှုရန်
Ref & Photo – MASES & Nasa
