
၆.၉.၂၀၂၅
Written By Thandar
အောင်မြင်တဲ့ တေးသီချင်းတွေများစွာ ရေးစပ်ဖန်တီးခဲ့တဲ့ တေးရေးဆရာ အကယ်ဒမီ ‘သောမတ်စ်’အသက် (၇၄) နှစ်ရဲ့ နောက်ဆုံးခရီးဈာပနကို ယနေ့ စက်တင်ဘာလ ၆ ရက်မှာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်ရန်ကုန်နှစ်ခြင်းခရစ်ယာန်သုသာန်မှာ မြေချဂူသွင်းမြှုပ်နှံခဲ့ပါတယ်။
သူ့ရဲ့ ဈာပနနဲ့ပတ်သက်ပြီး ဆုတောင်းဝတ်ပြုမှုကိုတော့ ဈာပနမတိုင်ခင် ယနေ့ နံနက် ၁၀ နာရီက အင်းစိန်မြို့နယ် ကြို့ကုန်းကျမ်းစာသင်ကျောင်း ကိုသာဖြူခန်းမမှာ ဝတ်ပြုဆုတောင်းခဲ့တာပါ။
“အပါးသောမက်စ်မရှိရင် ကျွန်တော် Dဖြိုး ဆိုတာလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်တော် အသက် ၁၆ နှစ်မှာ သီချင်း အရမ်ဆိုချင်လို့ အပါးသောမက်စ်နဲ့ စသိတဲ့အချိန်မှာ ကျွန်တော့်ကို Dဖြိုးဆိုပြီး အပါးကိုယ်တိုင်နာမည် ပေးခဲ့တာပါ။
ကျွန်တော် ပထမအခွေရော၊ ဒုတိယအခွေရော မနက်ဖြန်တွက် အမှတ်တရလေးများ ထဲက အပါးသီချင်းတွေပါ” လို့ အဆိုတော် Dဖြိုးက ပြောပါတယ်။
တေးရေးသောမက်စ်ရဲ့ ဈာပနကို ဂီတလောက အနုပညာရှင်တွေ အဆိုရှင်တွေ လိုက်လံပို့ဆောင်ပေးခဲ့ကြပါတယ်။
သူဟာ ကောင်းကင်ကလူ၊ ဒီရေဒီလှေ၊ အချစ်ရူး၊ ငါဝအောင်ငိုမယ်၊ ချစ်လို့၊ တံခါးလေးစေ့ရုံပဲလား၊ ဒီကောင်မလေးအတွက်၊ တဲအိမ်ရွှေနန်း၊ နောင်တမျက်ရည်၊ လောကဧည့်သည်၊ သောကမီးငြိမ်းဖို့ရန်၊ သိုးကျောင်းသားသီချင်း၊ အသွေးမသွန်းပဲအပြစ်မလွတ်၊ အကျွန်ုပ်ရှိပါ၏၊ မပြောင်းလဲသောမေတ္တာ၊ မီးရထားစတဲ့ တေးသီချင်းတွေအပြင် ဓမ္မတေးပေါင်းများစွာကို ရေးသားဖော်ကျူးခဲ့သူလည်းဖြစ်ပါတယ်။
“အပါးကျေးဇူးတွေ ကျွန်တော့်အပေါ် အများကြီးပါ။ အပါးဆီရောက်တိုင်းလည်း ဆုတောင်းကောင်းချီးပေးချင်ကို အမြဲခံရပြီး ဘုရားသခင်ကို မမေ့ဖို့ အမြဲ သွန်သင်ဆုံးမပေးတယ်။ အပါးက အားလုံးရဲ့ရင်ထဲ အမြဲရှင်သန်နေမှာပါ။မိသားစုနဲ့ ထပ်တူဝမ်းနည်းရပါတယ်” လို့ Dဖြိုး
က ဆက်ပြောပါတယ်။
