
MT News
၆. ၉. ၂၀၂၅
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဟုဆိုသည့် သတင်းများမှာ ယာယီသမ္မတ၏ တရုတ်ခရီးစဥ် အောင်မြင်မှုကြောင့် သတင်းမှားများ ထုတ်လွှင့်ကြခြင်းသာဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဖြေရှင်း ပြောကြားသည်။
တရုတ်သမ္မတရှီကျင်းဖိန် ဖိတ်ကြားမှုကြောင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီး အစည်းအဝေး (Shanghai Cooperation Organisation-SCO SUMMIT 2025 Plus)၊ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနား တက်ရောက်ရန် ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၆ ရက်အထိ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်ခဲ့သည့် တရုတ်ခရီးစဥ်အတွင်း တရုတ်နိုင်ငံက ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကာ ကော်ဇောနီခင်းကြိုဆိုခဲ့သလို SCO အစည်းအဝေးအတွင်း မိန့်ခွန်းပြောကြားခဲ့မှုအပြင် တရုတ်သမ္မတရှီကျင့်ဖျင်၊ အိန္ဒိယဝန်ကြီးချုပ်မိုဒီ၊ ရုရှားသမ္မတပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် စသည့်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးနနိုင်မှုကြောင့် နိုင်ငံရေးအရ အသိအမှတ်ပြုမှု၊ နိုင်ငံတကာအသိအမှတ်ပြုမှုရရှိခဲ့သလို နိုင်ငံ့အတွက် ကောင်းမွန်သည့် အကျိုးရလဒ်များစွာ ရရှိခဲ့ပြီး ထိုသို့ အောင်မြင်နေသည့်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ နှလုံးရောဂါပြင်းထန်စွာ ခံစားနေရကြောင်း သားဖြစ်သူကင်မ် အဲရစ်က ပြောသည့် ရုပ်သံဖိုင် ထွက်ပေါ်လာခဲ့သည်။ သို့သော် ကင်မ်အဲရစ်က ရှေ့နောက်မညီသည့် စကားများအဖြစ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဟု ပြောသော်လည်း ထားသည့်နေရာမသိဟုလည်း ထည့်သွင်းပြောခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းမွန်ပါတယ်။ ကျွန်တော် ပြောပြမယ်။ ကျွန်တော်တို့လည်း တရုတ်နိုင်ငံရောက်တဲ့အချိန်မှာ အချိန်ကိုက်ပဲ။ တရုတ်နိုင်ငံရောက်နေတဲ့အချိန်မှာ SCO အစည်းအဝေးပြီးသွားတယ်။ နှစ် ၈၀ ပြည့် အခမ်းအနားပြီးသွားတယ်။ ပြီးသွားတဲ့အချိန်မှာ မီဒီယာတွေ တော်တော်များများက မြန်မာခေါင်းဆောင် တက်ရောက်တဲ့ဟာတွေ၊ မြန်မာခေါင်းဆောင်ရဲ့ လုပ်ဆောင်ချက်တွေပေါ်လာတယ်။ ပေါ်လာတဲ့အချိန်မှာ ဟိုဘက်က ဒီသတင်းကို လွှမ်းမိုးဖို့အတွက် လုပ်ကြံတဲ့သတင်းတစ်ခုကို ထုတ်လိုက်တာဖြစ်ပါတယ်။ သို့သော် သူတို့ပြောတဲ့ဟာသည် မအောင်မြင်ပါဘူး။ မအောင်မြင်ပါဘူး။ ဒီသတင်းကို လွှမ်းမိုးဖို့ လုပ်ကြံတယ်ဆိုပေမဲ့ ကျွန်တော်တို့လည်း အချိန်မီတော့ ဖြေရှင်းခဲ့ပါတယ်။ အခု မီဒီယာတွေရှေ့မှာကျွန်တော်တိတိလင်းလင်းပြောပါမယ်။ ဒီသတင်းသည် သတင်းတု၊သတင်းမှားဖြစ်ပါတယ်။ လုပ်ကြံတဲ့သတင်းတစ်ခုဖြစ်ပါတယ်။ ခုနက ပြောတဲ့ ဒီခရီးစဉ်ကို မှေးမှိန်စေလိုတဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံကို မလိုလားတဲ့၊ ကျွန်တော်တို့ တိုးတက်မှာကို မလိုလားတဲ့သူတွေက ထုတ်လွှင့်တဲ့ ထုတ်လွှင့်ချက်ပဲဖြစ်ပါတယ်။” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
