၆. ၉. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ဖူးခတ်မြို့တွင် တရားမဝင် ဖွင့်လှစ်ထားပြီး မြန်မာအလုပ်သမားများသာ လည်ပတ်နေသော စားသောက်ဆိုင်တစ်ဆိုင်အား တိုင်ကြားမှုအရ အာဏာပိုင်များ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပြီးနောက် ဆိုင်တာဝန်ခံမြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးမိခဲ့သည်။
“သူငယ်ချင်းဆိုင် (Thu Nge Chin Sine)” ဟု အမည်ပေးထားသော အဆိုပါဆိုင်သည် ဖူးခက်မြို့၊ ဘန်ကောက်လမ်းပေါ်ရှိ Public Market 1 ၏ နောက်ဘက်တွင် တည်ရှိသည်။ ဒေသခံများက ဆိုင်၏ လည်ပတ်မှုများနှင့်ပတ်သက်၍ တိုင်ကြားမှုများ ပြုလုပ်ပြီးနောက် ဆိုင်ကို ဝင်ရောက်စီးနင်း ခဲ့ခြင်းဖြစ်ကြောင်း Bangkok Post က ဖော်ပြခဲ့သည်။
ဖူးခက်ခရိုင် လုံခြုံရေးအရာရှိချုပ် ဦးဆောင်သော အဖွဲ့တစ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဆိုင်တွင် ထိုင်းဝန်ထမ်းများ လုံးဝမပါဝင်ဘဲ မြန်မာနိုင်ငံသားများသာ အလုပ်လုပ်နေသည်ကို တွေ့ရှိခဲ့ရသည်။ ဆိုင်ဆိုင်းဘုတ်၊ မီနူးစာရင်း၊ အစားအသောက်မှာယူလွှာနှင့် ငွေရှင်းပြေစာများအားလုံးကို မြန်မာဘာသာဖြင့် ရေးသားထားပြီး၊ ဆိုင်၏ဖောက်သည်အများစုမှာလည်း မြန်မာလူမျိုးများပင် ဖြစ်သည်။
အရာရှိများက ဆိုင်ကို တာဝန်ခံထားသည့် အသက် ၃၇ နှစ်အရွယ် ဇော်မင်းလတ် ကို ဖမ်းဆီးခဲ့သည်။ ၎င်းထံမှ မီနူးစာရွက်နှစ်ရွက်၊ လက်ရေးဖြင့်ရေးသားထားသော မြန်မာလို အစားအသောက် မှာယူလွှာ ၁၄ ရွက်နှင့် မြန်မာဘာသာဖြင့် ရေးထားသည့် ပို့ဆောင်ရေးပြေစာများစွာကို သိမ်းဆည်းရမိခဲ့သည်။ ၎င်းသည် ထိုစာရွက်စာတမ်းများကို ကိုယ်တိုင်ရေးသားခဲ့ကြောင်းလည်း ဝန်ခံခဲ့သည်။
ထိုင်းဥပဒေအရ နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိသော အလုပ်အကိုင်ကို လုပ်ကိုင်မှုဖြင့် ဇော်မင်းလတ်အား တရားစွဲဆိုခဲ့သည်။ ၎င်းနှင့် သိမ်းဆည်းရမိသော သက်သေခံပစ္စည်းများကို နောက်ထပ်ဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ဖူးခက်မြို့ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးမှူးများထံ လွှဲပြောင်းပေးခဲ့ကြောင်း The Phuket News မှ ဖော်ပြထားသည်။
အဆိုပါ စီးနင်းဖမ်းဆီးမှုသည် ဖူးခက်တွင် တရားမဝင် အလုပ်အကိုင်ဆိုင်ရာ အငြင်းပွားမှုများကို ဖြစ်ပေါ်စေခဲ့ပြီး၊ အထူးသဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်သည့် အလုပ်သမားကိစ္စများသည် ထပ်တလဲလဲ ဖြစ်ပွားနေသည့် စိုးရိမ်ပူပန်စရာ ကိစ္စရပ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်။
ထိုင်းအလုပ်သမားဥပဒေအရ အစားအသောက်ပြင်ဆင်ခြင်း၊ လမ်းဘေးဈေးရောင်းခြင်းနှင့် လက်လီရောင်းချခြင်းကဲ့သို့သော အချို့အလုပ်အကိုင်များကို ထိုင်းနိုင်ငံသားများသာ လုပ်ကိုင်ခွင့်ရှိသည်။ သင့်လျော်သော အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ ဤအလုပ်များကို လုပ်ကိုင်သော နိုင်ငံခြားသားများသည် ဒဏ်ငွေ၊ နှင်ထုတ်ခြင်းနှင့် အမည်ပျက်စာရင်းသွင်းခြင်းတို့ကို ရင်ဆိုင်ရနိုင်သည်။
Ref , The Thaiger
