၆. ၉. ၂၀၂၅
Written by Nay Moe
KNU/KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ သိမ်းယူထားခဲ့တဲ့ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်အခြေစိုက် ခမရ (၃၅၅)နဲ့ ခမရ (၃၅၆)တပ်ရင်းတွေကို တပ်မတော်က မနေ့က စက်တင်ဘာ ၅ ရက် ညနေပိုင်းမှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
အင်အားရာချီပါဝင်တဲ့ တပ်မတော်ရဲ့ အောင်ဇေယျစစ်ကြောင်းဟာ ဒီလဆန်းပိုင်းထဲမှာ အပြင်းအထန်ထိုးစစ်ဆင်မှု စတင်လာခဲ့ပြီး စက်တင်ဘာ ၅ ရက် မနက်အစောပိုင်းက အာရှလမ်းမကြီး၊ တောနော်ရေတံခွန်နားကနေ မြဝတီမြို့နယ်၊ အတွင်းကွင်းကလေးကျေးရွာကို စစ်ကြောင်းထိုး၀င်ရောက်လာနိုင်ခဲ့သလို အဲဒီကနေ တစ်ဆင့် အပြင်ကွင်းကလေးရွာဘက်ကို စစ်ကြောင်းဆက်ထိုးလာခဲ့တာပါ။

အဲဒီနောက် အပြင်ကွင်းကလေးကနေတစ်ဆင့် သင်္ဃန်းညီနောင်မြို့သစ်က ခမရ (၃၅၅)နဲ့ ခမရ(၃၅၆)တပ်ရင်းတွေ သိမ်းပိုက်ထားတဲ့ KNU/KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေကို တိုက်ထုတ်ပြီး ဒီတပ်ရင်းနှစ်ခုကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တာပါ။
သင်္ဃန်းညီနောင် မြဝတီအဝင်မှာရှိပြီး KNU/KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ ခမရ (၃၅၅)နဲ့ ခမရ(၃၅၆)တပ်ရင်းတွေက ထွက်ပြေးအပြီးမှာ တပ်မတော်စစ်ကြောင်းတွေက မြဝတီမြို့အဝင်က ကုန်သွယ်ရေးဇုန်နဲ့ ခလရ (၂၇၅) တပ်ကို ပေါင်းစည်းသွားတယ်လို့လည်း KNU သတင်းဌာနတစ်ခုဖြစ်တဲ့ KIC က ဝန်ခံထားသလို သိမ်းထားပြီး စခန်းချထားရာနေရာအားလုံးက KNU/KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ ထွက်ပြေးလာရပြီလို့လည်း ဝန်ခံထားပါတယ်။

လူမှုကွန်ရက်မှာလည်း အောင်ဇေယျစစ်ကြောင်းက မြဝတီမြို့ဝင်ဆိုင်းဘုတ်ကြီးအထိ ရောက်လာတာတွေ့ရသလို KNU/KNLA နဲ့ PDF ပူးပေါင်းအဖွဲ့ဝင်တစ်ဦးသုံးစွဲတဲ့ အကောင့်တစ်ခုကလည်း “အာရှလမ်းမှာသွေးချောင်းစီးခဲ့တယ်။ ကျနော်တို့အကောင်းဆုံးကြိုးစားခဲ့တယ်။ ကျဆုံးသွားတဲ့ညီကိုအားလုံးတောင်းပန်ပါတယ်(သတ်ပုံမူရင်း)”လို့ ဝန်ခံတောင်းပန်ထားပါတယ်။
