၆.၉.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ပက်ရှ်ဘူရီ ပြည်နယ်၊ မောင်းခရိုင်အတွင်း ကြက်ဥများရောင်းချနေတဲ့ဈေးတစ်ခုမှာ စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းက ရဲအရာရှိတစ်ဦးဟာ ဥတွေရောင်းချနေတဲ့ ဇနီးမောင်နှံနဲ့ စကားများအငြင်းပွားကြရာကနေ ရဲအရာရှိက နှစ်ယောက်စလုံးကို သူ့မှာပါလာတဲ့သေနတ်နဲ့ ပစ်သတ်ကာ သူ့ကိုယ်သူလည်း အဆုံးစီရင်သွားမှုတစ်ရပ် ဖြစ်ပွားခဲ့ရပါတယ်။
ဖြစ်ရပ်က သာရက်နယ်မြေအတွင်း နံနက် ၅ နာရီ ၄၃ မိနစ်မှာဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ ဗဟိုအရေးပေါ်ဌာနကို သတင်းပို့ချက် ရောက်လာခဲ့ပါတယ်။

သတင်းပို့ချက်မှာ သာရက်နယ်မြေရှိဈေးမှာပစ်ခတ်မှုအတွင်း လူနှစ်ဦးသေဆုံးခဲ့ရတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားရာကို ရဲတပ်ဖွဲ့ဝင်တွေရောက်သွားချိန်မှာ အသက် ၃၃ နှစ်ရှိ အမျိုးသားတစ်ဦးနဲ့ အသက် ၃၁ နှစ်ရှိအမျိုးသမီးတစ်ဦးတို့ သေဆုံးနေတာကိုတွေ့ရပါတယ်။ အဲဒီစုံတွဲက ဈေးမှာ ကြက်ဥအရောင်းဆိုင်ခန်းတစ်ခန်း ပိုင်ဆိုင်ပါတယ်။
ဒီနောက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေက အနီးမှာ သေနတ်သံတစ်ချက် ထပ်ကြားခဲ့ရပါတယ်။ သေနတ်သမားက သူ့ကိုယ်သူပစ်သတ်သေသွားခဲ့တာကို တွေ့ရပါတယ်။ ထိုသူက အရပ်သားအင်္ကျီတွေဝတ်ထားပေမယ့် ပက်ရှ် ဘူရီ ရဲစခန်းက ရဲအရာရှိတစ်ဦးဆိုတာကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။

အခြားအရောင်းဈေးသည်တွေက အဲဒီ ရဲအရာရှိရဲ့ ဇနီးကလည်း ဈေးမှာကြက်ဥရောင်းချသူတစ်ဦးဖြစ်ပြီးတော့ သူတို့နှစ်ဖက်ဟာ အရင်ကလည်းအကြိမ်များစွာ ရန်ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အခုလည်း အရင်ကလိုပဲ ဈေးရောင်းသူအချင်းချင်းကြားအကျိုးအမြတ်အတွက် ပဋိပက္ခဖြစ်ခဲ့ကြရာကနေ ခုလိုပစ်ခတ်မှုတွေ ဖြစ်ရတာဖြစ်မယ်လို့ ပြောကြပါတယ်။
Ref- Bangkok Post
