၆. ၉. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ချန်ဒူးမြို့မှ မြန်မာနိုင်ငံသို့ ယနေ့ ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် ပြန်လည်ထွက်ခွာလာပြီဖြစ်ကြောင်း သိရသည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ချန်ဒူးမြို့ရှိ Chengdu Shuangliu International Airport မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာချိန်တွင် လေဆိပ်၌ စီချွမ်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်နှင့် ချုံချင့်ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် အလုပ်သဘောခရီးစဉ်အဖြစ် ဩဂုတ်လ ၃၀ ရက်နေ့ကတည်းက ရောက်ရှိနေသည့် ယာယီသမ္မတဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အဆိုပါ ခရီးစဉ်အတွင်း တရုတ်သမ္မတရှီကျင့်ဖိန်၊ အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့် လာအိုနိုင်ငံသမ္မတတို့နှင့် သီးခြားတွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့သည်။
တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင် ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးနှင့် ပေကျင်းမြို့တွင် ကျင်းပပြုလုပ်သည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားများသို့လည်း တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားများသို့ တက်ရောက်ခဲ့စဉ်အတွင်း အခမ်းအနားတက်ရောက်လာသည့် နိုင်ငံတကာခေါင်းဆောင်များဖြစ်သည့် ရုရှားသမ္မတဗလာဒီမာပူတင်၊ မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်း၊ မလေးရှားဝန်ကြီးချုပ်၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် အခြားနိုင်ငံခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံ ဟာပင်းမြို့နှင့် ချန်ဒူးမြို့တို့ရှိ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ AI နည်းပညာဆိုင်ရာ စက်ရုံများသို့ သွားရောက်လေ့လာခဲ့သလို တရုတ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။





