၆.၉.၂၀၂၅.
Translated by Htwe Ko Tun
ပြီးခဲ့တဲ့ ဩဂုတ်လအစောပိုင်း အသက် ၁၀၂ နှစ်အရွယ်မှာ ဖူဂျီတောင်ကိုတက်လှမ်းနိုင်ခဲ့တဲ့ ဂျပန်အဘိုးအို ကိုကီချီ အကူဇာဝါဟာ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းမှာလည်း ဖူဂျီတောင်ထိပ်အထိ တက်နိုင်ခဲ့တဲ့ အသက်အကြီးဆုံးပုဂ္ဂိုလ်အနေနဲ့ အသိအမှတ်အပြုခံရပြီးတဲ့နောက် AP သတင်းဌာနနဲ့ မကြာမီက တွေ့ ဆုံမေးမြန်းခဲ့ရာမှာတော့ သူက တောင်တက်ခရီးအတွင်းမှာ တောင်ထိပ်ကိုရောက်ဖို့ ရည်မှန်းချက်ကို စွန့်လွှတ်လုနီးပါးအထိ ဖြစ်ခဲ့ရသေးတယ်လို့ ပြောခဲ့ပါတယ်။
ကိုကီချီ အကူဇာဝါက “ကျွန်တော်က လမ်းတစ်ဝက်မှာတော့ ရည်မှန်းချက်ကို စွန့်လွှတ်ပြီး လက်လျှော့ဖို့အထိ တကယ်ကို စိတ်ပေါက်လာခဲ့သေးတာ။ တောင်ထိပ်ကို ရောက်ဖို့ဆိုတာ တကယ်ခက်ခဲတဲ့ အလုပ်ပါ။ ဒါပေမယ့်သူငယ်ချင်းတွေက ကျွန်တော့်ကို ဝိုင်းအားပေးကြတယ်။ ဒါကြောင့်လည်း ရလဒ်က ကောင်းခဲ့ရတာပါ။ လူတွေက ကျွန်တော့်ကို အားပေးတဲ့အတွက် ကျော်ဖြတ်နိုင်ခဲ့ရတာပါပဲ” လို့ တွေ့ဆုံမေးမြန်းပွဲမှာ ပြောခဲ့ပါတယ်။
အကူဇာဝါက သူ့ရဲ့အသက် ၇၀ ကျော်အရွယ်သမီးဖြစ်သူ မိုတို၊ မြေးဖြစ်သူ၊ မြေးရဲ့ခင်ပွန်းနဲ့ ဒေသတောင်တက်ကလပ်အသင်းမှ တခြားမိတ်ဆွေ လေးယောက်တို့နဲ့ အတူ သြဂုတ်လ ၅ ရက်မှာ ဖူဂျီတောင်ကို တက်ခဲ့ကြတာပါ။ တောင်တက်အဖွဲ့ဟာ ၃,၇၇၆ မီတာ (၁၂,၃၈၈ ပေ) မြင့်တဲ့ ဂျပန်နိုင်ငံရဲ့အမြင့်ဆုံး တောင်ထိပ်ကို မတက်မီ လမ်းမှာ နှစ်ညတာ စခန်းချ ရပ်နားခဲ့ရပါသေးတယ်။
သူက “တောင်တက်ရတာကို ကျွန်တော် အရမ်းသဘောကျမိပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ နားမကောင်းတော့ဘဲ ဆက်သွယ်ပြောဆိုရခက်ခဲတာကြောင့် အသက် ၇၅ နှစ်အရွယ် သမီးဖြစ်သူက ဖခင်ဖြစ်သူကြားအောင် နားထဲကို ထပ်ခါတလဲလဲအော်ဟစ်ပြောခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီခရီးစဉ်ဟာ ဖူဂျီတောင်ကို အကူဇာဝါ ရဲ့ ပထမဆုံး စံချိန်ချိုးတက်တဲ့ ခရီးတော့မဟုတ်ပါဘူး။ နိုင်ငံရဲ့ အကျော်ကြားဆုံးတောင်ကို ပထမဆုံးအကြိမ်အဖြစ် အသက် ၉၆ နှစ်ကလည်း အသက်အကြီးဆုံး ဖူဂျီတောင်တက်သမားအဖြစ် ကုတ်ကပ်တက်ခဲ့သေးတာပါ။ ဒီ ခြောက်နှစ်တာကာလအတွင်း သူဟာ နှလုံးကြွက်သား ဝေဒနာတွေ၊ ရေယုန်နာဖြစ်တာတွေ၊ တောင်တက်တာကနေ ပြုတ်ကျလို့ ရခဲ့တဲ့နာကျင်ဒဏ်ရာတွေကိုပါ ကျော်လွှားနိုင်ခဲ့တာပါ။
သူဟာ ဖူဂျီတောင်မတက်မီ သုံးလကြာ လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး ဒီလေ့ကျင့်မှုအတွင်း မနက်ဆို ငါးနာရီလောက်မှာထ၊ နာရီနဲ့ ချီလို့လမ်းလျှောက်ပြီး အများဆုံးအနေနဲ့ ဂျပန်နိုင်ငံအလယ်ပိုင်း ဂမ်မာစီရင်စု အနောက်ဘက်ရှိ နာဂါနိုစီရင်စုတစ်ဝိုက်မှာ တောင်တစ်တောင်ကို အပတ်စဉ်တက်ရောက် လေ့ကျင့်ခဲ့တာပါ။
အကူဇာဝါအနေနဲ့ ဖူဂျီတောင်ကို တက်ဖို့ နောက်ထပ် ကြိုးစားဦးမလားလို့ မေးခဲ့တဲ့အခါမှာတော့ သူက“ကျွန်တော် တောင်တက်တာကို အမြဲမြတ်နိုးတဲ့သူပါ။ ဒါပေမယ့် ဖူဂျီတောင်ကို ကျွန်တော်နောက်တစ်ကြိမ်တက်ဖို့တော့ ကျွန်တော်မတတ်နိုင်တော့ဖူးထင်တယ်။ အခု ကျွန်တော်က အကာဂျီတောင်အဆင့်ကို ရောက်နေပါပြီ” လို့ ၁၈၂၈ မီတာပဲရှိပြီး ဖူဂျီတောင်ရဲ့ ထက်ဝက်ခန့်ပဲမြင့်တဲ့ အနီးအနားရှိ အကာဂျီတောင်ထိပ်ကို ရည်ညွှန်းပြီး ဖြေခဲ့ပါတယ်။
Ref- Japan Today


