၆. ၉. ၂၀၂၅
Written by Nay Moe
အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသော KNU နှင့် PDF ပူးပေါင်းအဖွဲ့က သင်္ဃန်းညီနောင်နှင့် မဲကနယ်ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးဒဏ်ရာရကာ အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၄ ရက်တွင် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသော KNU အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာနှင့် မဲကနယ်ကျေးရွာများအတွင်းသို့ အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဃန်းညီနောင်ကျေးရွာနေ ဦးသိန်းဦး(ခ)ဆံရှည်(၅၀)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး မဲကနယ်ကျေးရွာနေ ဒေါ်နွယ်နွယ်အေး(၃၀)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သဖြင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်အပြင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၄ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ညနေ ၆ နာရီ ၂၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာနေ ကိုမရမ်းသီး(ခ) ဆန်းလင်းအောင်(၂၄)နှစ်သည် ကျိုက်မရောမြို့နယ်ရှိ စပယ်ဂူဘုန်းကြီးကျောင်း၌ ပန်းရန်လုပ်ငန်း လုပ်ကိုင်နေစဉ် ဘုန်းကြီးကျောင်းဆောင်ရှေ့လမ်းပေါ်သို့ PDF အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ပစ်ချလိုက်သည့် Drop Bomb တစ်လုံး ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


