၆. ၉. ၂၀၂၅
Written by Nyein Kyaw
မန္တလေးငလျင်ကြီးကြောင့် လျှပ်စစ်ကဏ္ဍတွင် ကျပ် ၁၅၃ ဘီလျံကျော်နှင့် စွမ်းအင်ကဏ္ဍတွင် ကျပ်သန်း ၃၄၀ ကျော် ဆုံးရှုံးခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ယမန်နေ့က ပြုလုပ်သည့် လျှပ်စစ်၊ စွမ်းအင်ကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။
အဆိုပါ အခမ်းအနားအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရဲရွာခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ် သန်းပေါင်း ၃,၆၀၀ ကျော် (ကျပ် ၃ ဒသမ ၆ ဘီလျံကျော်)၊ ၂၀၂၄ ခုနှစ် တိုင်ဖွန်းမုန်တိုင်းရာဂီနှင့် ဆက်စပ်ရေကြီး ရေလျှံမှုများကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၂၂,၀၀၀ ကျော် (ကျပ် ၂၂ ဘီလျံကျော်) ကျော်ဆုံးရှုံးခဲ့ကြောင်း၊ ရာဂီမုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံပြုပြင်ခြင်းနှင့် Rotor Pole များ ပြုပြင်ခြင်းအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကျပ်သန်းပေါင်း ၄၀,၀၀၀ ကျော် (ကျပ်ဘီလျံ ၄၀ ကျော်) ကျခံဆောင်ရွက်ပေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
လတ်တလောကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၁၅၃,၀၀၀ ကျော် (ကျပ် ၁၅၃ ဘီလျံကျော်) ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး စွမ်းအင်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၃၄၀ ကျော် ဆုံးရှုံးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ဘေးဒဏ်ခံနိုင်ရည်ရှိသော အခြေခံအဆောက်အအုံများ တည်ဆောက်ရန် လိုအပ်သကဲ့သို့ စွမ်းအင်ထုတ်လုပ်သိုလှောင်မှု နည်းစနစ်များ၊ လျှပ်စစ်ဓာတ်အားထုတ်လွှတ်၊ ဖြန့်ဖြူးမှုများတွင်လည်း ခေတ်မီနည်းပညာများနှင့် ဆောင်ရွက်ထားနိုင်မှသာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
