◾ ဝင်ရောက်တိုက်ခိုက်သော PDF များက ဖုန်းလေးလုံး၊ ဆိုင်ကယ်တစ်စီးနှင့် ကျပ်သိန်း ၅၀ ပါ လုယက်သွားခဲ့ကြ
နေမိုး
၆. ၉. ၂၀၂၅
နတ်မောက်မြို့နယ် တက်ဝန်ရွာပြည်သူ့စစ်အဖွဲ့ကို PDF ငါးဖွဲ့ပေါင်းကာတိုက်ခိုက်မှု စက်တင်ဘာ ၄ ရက်က ပြုလုပ်ခဲ့ရာ အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူ့စစ်သုံးဦးသေဆုံးခဲ့ရသလို ပြည်သူ့စစ်အဖွဲ့နေအိမ်ဘေးမှ အရပ်သား သားအဖနှစ်ဦးအနက် သားဖြစ်သူသေဆုံးကာ အဖေဖြစ်သူ ဒဏ်ရာပြင်းထန်စွာရရှိခဲ့မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၄ ရက် နံနက် ၇ နာရီတွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ တက်ဝန်ကျေးရွာနေ ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင် ဦးအောင်ဆန်းဦး(၅၃)နှစ်၊ ဦးညွန့်နိုင်(ခ)ညွန့်လှိုင်(၅၆)နှစ်နှင့် မောင်လှဝင်းထက်(၁၉)နှစ်တို့ သုံးဦးသည် ဦးအောင်ဆန်းဦး၏နေအိမ်၌ ရှိနေစဉ် PDF ၅၀ ဦးခန့် ရောက်ရှိလာပြီး သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ဦးအောင်ဆန်းဦး၊ ဦးညွန့်နိုင်(ခ)ညွန့်လှိုင်နှင့် မောင်လှဝင်းထက်တို့ သုံးဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။
ထို့အပြင် အဆိုပါနေအိမ်နှင့်ကပ်လျက် နေထိုင်သူ အရပ်သားပြည်သူ ဦးလှငွေ(၅၈)နှစ်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့သလို ၎င်း၏ သားဖြစ်သူ ဦးသက်ဝေဖြိုး(၃၂)နှစ်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိ သေဆုံးသွားခဲ့သဖြင့် နတ်မောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် ဝင်ရောက်ပစ်ခတ်သူ PDF များက ဦးအောင်ဆန်းဦး နေအိမ်ရှိ လက်ကိုင်ဖုန်းလေးလုံး၊ KENBO 125 အနီရောင် မော်တော်ဆိုင်ကယ်တစ်စီး၊ ငွေကျပ် သိန်း ၅၀ တို့အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်အပေါ် ကျူးလွန်သည့် PDF များက ထုတ်ပြန်ရာတွင် ပျူစောထီးခေါင်းဆောင် ဘိုထွန်းအပါအဝင် ပျူစောထီးငါးဦးအား ချေမှုန်းနိုင်ခဲ့ပြီး ကားတစ်စီးဖျက်စီးခဲ့ကာ ပွိုင့် 22 လက်လုပ် ပစ္စတို ၁ လက်၊ MA ကာဘိုင် ၅ လက်၊ MA ကာဘိုင်ကျည် ၉၅ တောင့်၊ ပြောင်းချောသေနတ် ၂ လက်၊ ပြောင်းချောကျည် အတောင့် ၃၀၊ လက်ပစ်ဗုံးသီး ၂ လုံး၊ စစ်ဝတ်တန်ဆာများနှင့်စစ်မှုထမ်း စာရင်းစာအုပ် ၁ အုပ်၊ လက်ကိုင်ဖုန်း ၅ လုံး ငွေသား ၁ သိန်း စသည်တို့အား သိမ်းဆည်းနိုင်ခဲ့ကြောင်း အဆိုပါတိုက်ခိုက်မှုအား သရက်ခရိုင်အမှတ် (၃)ငါးပြေမတပ်ရင်းမှမြေပြန့်ကျားတပ်ခွဲ၊ ရေနံချောင်း ပကဖ၊ မင်းဘူးခရိုင်စစ်ဌာန ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ Chauk Revolutionary Army (CRA) နှင့် ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့ (နတ်မောက်) တို့ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။
