၆.၉.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းတစ်မြို့လုံးကို တုန်လှုပ်သွားစေမည့် ပေါက်ကွဲမှုများဖြစ်သွားစေမည့် ဖောက်ခွဲရေးပစ္စည်း ဒြပ်ပေါင်း RDX ကီလိုဂရမ် ၄၀၀ ပါဝင်သော ကြောက်ရွံ့ခြောက်ခြားဖွယ် ဗုံးခွဲမှုကို ပြုလုပ်မည်ဟု ဟိန္ဒူဘာသာဝင်တို့၏ ဘာသာရေးပွဲတော်တစ်ခုဖြစ်သော Anant Chaturdashi မတိုင်မီ မွမ်ဘိုင်းမြို့သို့ ခြိမ်းခြောက်ချက်ပေးပို့ခဲ့သူအား နွိုင်ဒါမြို့တွင် ဖမ်းဆီးမိခဲ့ကြောင်း ရဲတပ်ဖွဲ့ကသတင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါစွပ်စွဲခံရသူက ဘီဟာပြည်နယ် ဇာတိဖြစ်၍ အက်ရှ်ဝီနီ ကူမားဆူပရာဟုခေါ်ဆိုကြောင်းလည်း သိရသည်။
ခြိမ်းခြောက်မှုများပို့ရန် ၎င်းအသုံးပြုခဲ့သော ဖုန်းနှင့် ဆင်းမ်ကတ်ကို အသုံးပြု၍ နွိုင်ဒါမြို့၏ နယ်မြေအမှတ် (၁၁၃) တွင် ထိုသူကို ခြေရာခံမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဖုန်းနှင့် ဆင်းမ်ကတ် နှစ်ခုစလုံးကို သိမ်းဆည်းမိခဲ့ပြီး ဆက်လက်စစ်ဆေးမေးမြန်းရန် ၎င်းအား မွမ်ဘိုင်းမြို့သို့ ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အာဏာပိုင်များ၏ ပြောကြားချက်အရ အက်ရှ်ဝီနီက မွမ်ဘိုင်းရဲတပ်ဖွဲ့၏ တရားဝင် WhatsApp နံပါတ်သို့ ခြိမ်းခြောက်စာပေးပို့ခဲ့ရာတွင် ဖောက်ခွဲရေးပစ္စည်းများ အပြည့်အသိပ် တင်ဆောင်လာသည့် ယာဉ်များကို မြို့အနှံ့တွင် ချထားပြီး တိုက်ခိုက်မှုက “လူပေါင်း ဆယ်သန်းအထိ သေဆုံးနိုင်သည်” ဟု သတိပေးခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

အသေးစိတ် သတင်းပို့ချက်တွင် အက်ရှ်ဝီနီက မွမ်ဘိုင်းတွင် “လူသားဗုံး ၃၄ လုံး” ချထားခဲ့ကြောင်း၊ ပါကစ္စတန် အကြမ်းဖက်သမား ၁၄ ဦးသည် မြို့တွင်းသို့ စိမ့်ဝင်နေပြီဖြစ်ပြီး တိုက်ခိုက်မှုများကို “Lashkar-e-Jihadi” ဟု အမည်ပေးထားသည့် ပါကစ္စတန်အခြေစိုက်စစ်သွေးကြွတပ်ဖွဲ့တစ်ခု၏ အမည်ဖြင့် လုပ်ဆောင်နေကြောင်းလည်း ပြောကြားခဲ့သည်။
ခြိမ်းခြောက်ချက်ရပြီးသည်နှင့် မွမ်ဘိုင်းရဲတပ်ဖွဲ့က ချက်ချင်းဆိုသလို စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီး မြို့တွင်းသတိပေးချက် ထုတ်ပြန်ခဲ့သည်။ အစောပိုင်းက ၎င်းကိုယ်၎င်း နက္ခတ်ဗေဒင်ဆရာဟုပြောခဲ့သည့် အက်ရှ်ဝီနီထံမှ ရဲတပ်ဖွဲ့က လက်ကိုင်ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့သည်။ ခြိမ်းခြောက်သတင်းပေးပို့ချက်၏ဇာစ်မြစ်ကို ခြေရာခံရန် ဆိုက်ဘာယူနစ်များနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့များလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပွဲတော်ရာသီအတွင်း ကျရောက်လာနိုင်သည့် အကြမ်းဖက်မှုအားပြုလုပ်ရန် ခြိမ်းခြောက်မှုကို ပြင်းထန်စွာ အရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်များက ပြောခဲ့သည်။ ခြိမ်းခြောက်မှုပြုလုပ်ရခြင်း၏ အကြောင်းရင်းနှင့် တရားခံ၏ နောက်ခံအကြောင်းတို့ကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း လည်းရဲတပ်ဖွဲ့က ပြောခဲ့သည်။
Ref-Money Control
