နေမိုး
၅. ၉. ၂၀၂၅
အမျိုးသားတစ်ဦးကို သာယာဝတီ PDF က ပျူစောထီး တံဆိပ်ကပ်ကာ ပစ်သတ်ပြီးနောက် ဆိုင်ကယ်လုယက်လိုက်သည်ဟု ကျူးလွန်သည့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ယနေ့ ဝန်ခံထားသည်။

ကျူးလွန်မှုဖြစ်စဥ်မှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ စဉ့်ကူးရွာနေ ဦးမျိုးမင်းသူ အား ဩဂုတ် ၂၇ ရက် နံနက် ၇ နာရီခန့်တွင် အင်ပင်လှရွာ အနီး၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ပစ်ခတ်သတ်ဖြတ်ပြီး ၎င်းစီးနင်းလာသည့် ဆိုင်ကယ် တစ်စီးကို လုယက်သိမ်းဆည်းခဲ့သည်။

သေဆုံးသွားသည့် ဦးမျိုးမင်းသူသည် စစ်တပ်သတင်းပေး၊ ပျူစောထီး သင်တန်းဆင်း တစ်ဦးဖြစ်ကာ PDF တပ်ဖွဲ့များ၏ လှုပ်ရှားသွားလာမှုများအား သတင်းပေးခြင်း၊ ပြည်သူများ မြို့ပေါ်သို့ သွားရောက်ရာတွင် ဖုန်းဆက်သတင်းပေးကာ ဖမ်းဆီးခိုင်းခြင်းများ လုပ်ဆောင်နေသောကြောင့် ၂၀၂၄ ခုနှစ် ၁၁ လပိုင်းက ဖမ်းဆီးပြီး ထိုသို့မလုပ်ဆောင်ရန် သတိ ပေး၍ ပြန်လွတ်ပေးခဲ့သော်လည်း PDF တပ်ဖွဲ့များနှင့် ပြည်သူများအား ဆက်လက်ဒုက္ခပေးနေသဖြင့် ယခုလို သတ်ဖြတ်ခြင်းဖြစ်သည်ဟု ကျူးလွန်သည့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က အကြောင်းပြချက်ပေးသော်လည်း သက်သေအထောက်အထား ဖော်ပြနိုင်ခြင်းမရှိချေ။

ပဲခူးတိုင်းမှ PDF များသည် လက်နက်မဲ့ ဝန်ထမ်းပြည်သူများကို လုယက်သတ်ဖြတ်မှု အများဆုံးကျူးလွန်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သော်လည်း ကျူးလွန်သည့် PDF များကို ဖမ်းဆီးနှိမ်နင်းနိုင်မှု နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယနေ့အချိန်အထိ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD,CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
