၄. ၉. ၂၀၂၅
Translated by Thettant
အခုလာမယ့် စက်တင်ဘာလ ၉ ရက်နေ့မှာ စတင်လည်ပတ်မယ့် တီချို နိုင်ငံတကာလေဆိပ် (Techo International Airport – TIA) ဟာ နိုင်ငံတကာခရီးသွားတွေအဖို့ အရှေ့တောင်အာရှနိုင်ငံတွေဆီသွားဖို့ တံခါးပေါက်အသစ်တစ်ခုအဖြစ် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနတ် ဒီ ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံးလေယာဥ်တွေ ဆင်းသက်နိုင်ဖို့အထိ လုပ်ဆောင်ထားတဲ့ 4F-level အဆင့်ရှိ တီချိုလေဆိပ်ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော်ဖနွမ်းပင်အတွက် လေဆိပ်အသစ်ဖြစ်ပါတယ်။
”ဒါဟာ ကမ္ဘောဒီးယားအတွက် ကဏ္ဍအားလုံးမှာ အကျိုးအမြတ်တွေ ရရှိစေပြီး နိုင်ငံရဲ့စီးပွားရေး၊ ခရီးသွားလုပ်ငန်းနဲ့ နိုင်ငံတကာစီးပွားရေးတို့ကို တိုးတက်စေမယ့် ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်မှုတွေကို ပိုမိုကျယ်ပြန့်စေမယ့် အခွင့်အလမ်းတစ်ခုကို ဖော်ဆောင်ပေးလိုက်တာပါ” လို့ ဟွန် မာနတ်က သူ့ရဲ့တရားဝင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ပါတယ်။
လေဆိပ်ဖွံ့ဖြိုးတိုးတက်မှုဟာ ၂၀၃၀ ပြည့်နှစ်မှာ အလယ်အလတ်အဆင့်အထက် ဝင်ငွေရှိတဲ့နိုင်ငံအဆင့်ကို ရောက်ရှိဖို့နဲ့ ၂၀၅၀ ပြည့်နှစ်မှာ ဝင်ငွေမြင့်မားတဲ့နိုင်ငံအဆင့်ကို ရောက်ရှိဖို့ဆိုတဲ့ အစိုးရရဲ့ရည်မှန်းချက်နဲ့လည်း ကိုက်ညီကြောင်း၊ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာစေပြီး စီးပွားရေးအခွင့်အလမ်းတွေ ပိုမိုကျယ်ပြန့်လာကာ ဝန်ဆောင်မှုတွေလည်း ပိုမိုကောင်းမွန်လာမယ်လို့ ဟွမ်မာနတ်က ပြောကြားခဲ့ပါတယ်။

”ကမ္ဘောဒီးယားဟာ ကမ္ဘာတစ်ဝန်းက ခရီးသွားတွေကို နွေးထွေးစွာကြိုဆိုပြီး တီချို နိုင်ငံတကာလေဆိပ်ဟာ နိုင်ငံတကာမစ်ရှင်တွေ၊ စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းအတွက် ဝင်ပေါက်အသစ်အဖြစ် ဆောင်ရွက်သွားမှာပါ” လို့ ဟွမ်မာနတ်က ဆက်လက် ပြောကြားခဲ့ပါတယ်။
အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ရင်းနှီးမြှုပ်နှံထားတဲ့ တီချိုလေဆိပ်ကို Cambodia Airport Investment Co., Ltd က တည်ဆောက်ထားပြီး ဖနွမ်းပင်မြို့ကနေ ကီလိုမီတာ ၂၀ ခန့်အကွာ၊ ဧက ၂,၆၀၀ အကျယ်အဝန်းရှိတဲ့နေရာမှာ ဖော်ဆောင်ထားတာဖြစ်ပါတယ်။
တီချိုလေဆိပ်ဟာ ပထမအဆင့်မှာ တစ်နှစ်ကို ခရီးသည် ၁၃ သန်းအထိ လက်ခံနိုင်ပြီး Airbus A380 နဲ့ Boeing 747 လိုမျိုး ကမ္ဘာ့အကြီးဆုံးလေယာဉ်တွေ ဆင်းသက်နိုင်အောင် တည်ဆောက်ထားပါတယ်။
Ref, Xinhua
