◾️ လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများအား မြန်မာနိုင်ငံတွင် တည်ဆောက်ထုတ်လုပ်၍ ပြည်တွင်းဈေးကွက်နှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေး ဆွေးနွေး
၃. ၉. ၂၀၂၅
Written by Nyein Kyaw

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ပေကျင်းမြို့ရှိ Tebian Electric Apparatus (TBEA) ကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့သည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ Tebian Electric Apparatus (TBEA) ကုမ္ပဏီသို့ ရောက်ရှိချိန်တွင် ကုမ္ပဏီဥက္ကဋ္ဌနှင့် ကုမ္ပဏီဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ခဲ့ပြီးနောက် ကုမ္ပဏီရုံးခန်း၌ ခင်းကျင်းပြသထားသည့် TBEA ကုမ္ပဏီမှ ဆောက်လုပ်ထားသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ကမ္ဘာတစ်ဝန်းစွမ်းအင်ထုတ်လုပ်ရေး၊ သတ္ထုထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုလေ့လာကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့သည်။

ထို့နောက် ကုမ္ပဏီအစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ TBEA ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်မှု အခြေအနေများ၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများအား မြန်မာနိုင်ငံတွင် တည်ဆောက်ထုတ်လုပ်၍ ပြည်တွင်းဈေးကွက်နှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့်အခြေအနေများ၊ သတ္ထုတူးဖော်ရေးလုပ်ငန်းများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်၍ ကုန်ချောများ ထုတ်လုပ်နိုင်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတိုးတက်ရေးအတွက် အတူတကွပူးပေါင်း ဆောင်ရွက်နိုင်မှုအခြေနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က TBEA ကုမ္ပဏီ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး TBEA ကုမ္ပဏီဥက္ကဋ္ဌ နှင့် လက်ဆောင်ပစ္စည်း များအပြန်အလှန်ပေးအပ်ခဲ့ကြောင်း သိရသည်။
