
၃.၉.၂၀၂၅
Written by Hey Mar
ပြင်ဦးလွင်ကနေ နေပြည်တော်ကို ထွက်ခွာလာတဲ့ Express ယာဉ်တစ်စီး ဥတ္တရသီရိကိုဝင်တဲ့ တြိဂံ လမ်းဆုံအကွေ့မှာ အရှိန်များပြီး လမ်းဘေးချောက်ထဲထိုးကျခဲ့တာကြောင့် လူနှစ်ဦး နေရာတင်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ စက်တင်ဘာ ၃ ရက်နေ့ နေ့လယ် ၃ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကျွဲရှင်းကျေးရွာ၊ တောင်ညို – ကျွဲရှင်းလမ်းဆုံမှာ ရွှေအိုးစည် ခရီးသည်တင် Express ကားက အရှိန်လွန်ပြီး လမ်းဘေးချောက်ထဲထိုးကျတိမ်းမှောက်ခဲ့တာကြောင့် အဆိုပါကားဝင်တိုက်ထိုးကျသွားတဲ့ လမ်းဘေးမှာဖွင့်လှစ်ထားတဲ့ ဆိုင်ကယ်ပြင်ဆိုင်ပါ ကားနဲ့အတူ အောက်ကို ပါသွားခဲ့တာလို့ ဖြစ်စဉ်ကို နေပြည်တော်အခြေစိုက် သဗ္ဗသုခ လူမှုကူညီရေးအသင်း တာဝန်ရှိသူက MT News ကို ပြောပါတယ်။

သဗ္ဗသုခ လူမှုကူညီရေးအသင်း တာဝန်ရှိသူက”ဆိုင်ကယ်ပြင်ဆိုင်က ဝပ်ရှော့ဆရာ နေရာတင်ဆုံးတယ်။ ခရီးသည်တင်ကားပေါ်ကလည်း တစ်ဦးဆုံးတယ်။ ဆိုင်ကယ်ပြင်ဆိုင်ထဲ ညပ်နေတဲ့ လူတွေလည်း အကုန်ထုတ်နိုင်ပါတယ်။ နေပြည်တော် ကုတင်(၁၀၀၀)ကို အကုန်ပို့ပြီးပါပြီ။ အခု အဲ့ဒီနေရာမှာ ကားပဲ ကျန်တော့တာ။ ကားတော့ မဆွဲရသေးဘူး” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်ကြောင့် ဆိုင်ကယ်ဝပ်ရှော့ဆရာ နေရာတင်သေဆုံးကာ ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင် မိသားစု သုံးဦးလည်း ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ခရီးသည်တင်ယာဉ်ပေါ်ကတော့ တစ်ဦးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို နေပြည်တော်အခြေစိုက် လူမှုကူညီရေးအသင်းတွေက နေပြည်တော်ကုတင် (၁၀၀၀) ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
