၃.၉.၂၀၂၅.
Translated by Htwe Ko Tun
တရုတ်ပြည်သူတို့ရဲ့ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဂျပန်ဖက်ဆစ်စနစ်ကို အောင်နိုင်ခဲ့မှု အထိမ်းအမှတ် အကြိမ် ၈၀ မြောက် အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားကို တရုတ်နိုင်ငံ မြို့တော် ပေကျင်းမှာ စက်တင်ဘာလ ၃ ရက်က ကျင်းပခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း နှစ်ဒါဇင်က နိုင်ငံ့အကြီးအကဲနဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတဲ့ တရုတ်နိုင်ငံရဲ့ တီယန်မင်ရင်ပြင်က ကြီးမားလှတဲ့ အကြိမ် ၈၀ မြောက် အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားကို နိုင်ငံတကာကလည်း စောင့်ကြည့်ခဲ့ရပါတယ်။ ဒီတီယန်မင်ရင်ပြင် စစ်ရေးပြ အခမ်းအနားကြီးကနေတော့ တရုတ်သမ္မတ ရှီကျင့်ဖိန်၊ ရုရှားသမ္မတ ပူတင်နဲ့ မြောက်ကိုရီးယားအကြီးအကဲ ကင်ဂျုံအန်တို့ကို အတူတကွ တွေ့ကြရတဲ့ ရုပ်ပုံတွေမှ နျူကလီးယားလက်နက်တွေအပေါ် အာရုံစူးစိုက်မှု ကြီးထွားလာတာအထိ အဓိကအချက်တွေ ထွက်ပေါ်လာခဲ့ရတယ်လို့လည်း ဆိုရမှာပါ။
ဒီ အောင်ပွဲနေ့ချီတက်ပွဲက အခုအကြိမ်ဟာ ပေကျင်းမြို့မှာ ဒုတိယအကြိမ် ကျင်းပတာဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုက ပထမဆုံးကျင်းပခဲ့ပါသေးတယ်။

စစ်ရေးပြအခမ်းအနားကို တီယန်မင်ရင်ပြင်မှာ နံနက် ၉ နာရီမှာ စတင်ခဲ့ပြီး မိနစ် ၉၀ နီးပါးကြာ ချီတက်ပွဲက တရုတ်နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ စစ်ရေးအင်အားကို ထုတ်ဖော်ပြသမှုအဖြစ် အများက ရှုမြင်ကြပါတယ်။ ဒါပေမယ့် ဒါဟာ တရုတ်နိုင်ငံက သူ့ရဲ့ ကမ္ဘာ့ခေါင်းဆောင်မှု အဆင့်အတန်းကို ခိုင်မြဲစေဖို့နဲ့ သံတမန်ရေးရာ သြဇာလွှမ်းမိုးမှုကို ပြသဖို့ ကြိုးပမ်းမှုလည်း ဖြစ်တယ်လို့ ဆိုရမှာပါ။
အခမ်းအနား အဖွင့်မိန့်ခွန်းမှာတော့ သမ္မတ ရှီက တရုတ်ပြည်သူတွေအနေနဲ့ သမိုင်းကြောင်းမှာ မှန်ကန်တဲ့ဘက်ကနဲ့ လူသားတို့ရဲ့ မြို့ပြယဉ်ကျေးမှုတိုးတက်မှုဘက်က ခိုင်မြဲစွာရပ်တည်မှာဖြစ်တယ်။ တရုတ်နိုင်ငံက ကိုယ့်ကိုယ်ကိုယ်အားကိုးရပ်တည်ပြီး အကြမ်းဖက်မှုကို ဘယ်တော့မှပြုလုပ်မှာမဟုတ်တဲ့အပြင် တရုတ်နိုင်ငံရဲ့ အားသစ်လောင်းနုပျိုစေမှုကို ဘယ်လိုမှ ရပ်တန့်အောင်လုပ်လို့မရဘူး လို့ ပြောသွားခဲ့ပါ တယ်။

ဒီ အောင်ပွဲနေ့ချီတက်ပွဲ အခမ်းအနားက ထွက်ပေါ်လာတဲ့ အဓိကအချက်တချို့ကိုတော့ အောက်ပါအတိုင်း တွေ့ရမှာပါ။
◾ ရှီကို ပူတင်နဲ့ ကင်ဂျုံအန်တို့နဲ့ အတူတွေ့ရမှု
အခမ်းအနားမှာ တရုတ်သမ္မတ ရှီကျင့်ဖိန်က ရုရှားသမ္မတ ပူတင်ကို ညာဘက်မှာ၊ မြောက်ကိုရီးယား အကြီးအကဲ ကင်ဂျုံအန်ကို ဘယ်ဘက်မှာခြံရံပြီး စင်မြင့်ဆီကို ကော်ဇော်နီအတိုင်း လျှောက်လာတာ တွေ့ကြရမှာပါ။ သူတို့သုံးယောက်စလုံးက ပြုံးရွှင်ပြီး စကားပြောလာကြတာလည်း တွေ့ကြရပါတယ်။

ဒါက အမေရိကန်ပြည်ထောင်စုရဲ့ ပြိုင်ဘက်တွေလည်းဖြစ်ကြတဲ့ သူတို့သုံးယောက်ကို ပထမဆုံးအကြိမ် တစ်နေရာတည်းမှာ တစ်စုထဲ တွေရတာပါပဲ။ ဒါက အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုကို ဆန့်ကျင်တဲ့ ခိုင်မာတဲ့ညီညွတ်မှုရှိနေပြီလို့ ပြသလိုက်တာပဲလို့ ဆိုရမှာပါ။
ဒါ့ပြင် ဒီအခမ်းအနားက မြောက်ကိုရီးယားခေါင်းဆောင် ကင် အနေနဲ့တော့ အဓိက နိုင်ငံစုံတက်ရောက်တဲ့ အခမ်းအနားတစ်ခုကို သူ့အနေနဲ့ ပထမဆုံးတက်ရောက်တာပါပဲ။

ဒီစစ်ရေးပြအခမ်းအနားမှာ မပါဝင်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ သမ္မတ ရှီ အနေနဲ့ ဒီအခမ်းအနားက တကယ်လို့များ စစ်ပွဲမှာဆိုရင် အမေရိကန်ရဲ့ ဖြည့်ဆည်းကူညီမှုကို ရည်စူးပြောဆိုနေတာလားလို့တောင် လူမှုကွန်ရက်မှာမေးခွန်းထုတ်ခဲ့ပါတယ်။ ဒါ့ပြင် ထရမ့်ပ်က ကြီးကျယ်လှတဲ့ အောင်ပွဲခံအခမ်းအနားအဓွန့်ရှည်ပါစေလို့ ရှီ ကိုဆုတောင်းမေတ္တာပို့ခဲ့ပြီးအမေရိကန်ကိုဆန့်ကျင်ဖို့ ရှီက ပူးပေါင်း ဆောင်ရွက်နေတဲ့ ပူတင် နဲ့ ကင် ကိုလည်း နွေးထွေးတဲ့မေတ္တာတွေပို့ပါတယ်လို့ ဆိုခဲ့ပြန်ပါတယ်။
◾ စစ်ရေးအင်အားပြမှု
စက်တင်ဘာလ ၃ ရက်မှာ ကျင်းပခဲ့တဲ့ စစ်ရေးပြချီတက်မှု အခမ်းအနားက တရုတ်နိုင်ငံအတွက်တော့ သူ့ ရဲ့ပြောင်မြောက်တဲ့စစ်ရေးစွမ်းပကား ကို ထုတ်ဖော်ပြသဖို့ အခွင့်အရေးလို့ ဆိုနိုင်ပါတယ်။

ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်တွေက တီယန်မင်ရင်ပြင်အတိုင်း ချီတက်လာကြသလို ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကလည်း ပြည်သူတို့ အရင်ကမမြင်ဖူးတဲ့ နောက်ဆုံးပေါ် စစ်လက်နက်ပစ္စည်းတွေအချို့ကို ခင်းကျင်းပြသသွားပါတယ်။
ရှီက သူ့ရဲ့မိန့်ခွန်းမှာလည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အနေနဲ့ ပါတီနဲ့ ပြည်သူက လုံးဝအားကိုးမှုပြုရတဲ့ သူရဲကောင်းတပ်မတော်ပဲလို့ ပြောခဲ့ပါတယ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အရာရှိနဲ့ စစ်သည်တွေဟာ ကမ္ဘာ့အဆင့်မီတပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်သွားကြဖို့နဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြတ်ပြတ်သားသားကာကွယ်သွားကြဖို့လည်း ရှီက ဆက်လက်ပြောခဲ့ပါတယ်။

အခမ်းအနားမှာ ပြည်တွင်းအခြေစိုက် လက်နက်စနစ်တွေ၊ လူလိုက်ပါမောင်းနှင်ခြင်းမရှိတဲ့လေယာဉ်ပျံတွေအပြင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေ၊ လက်ရုံးတပ်တွေ၊ ဒုံးကျည်တပ်တွေနဲ့ အသစ်ဖွဲ့စည်းတဲ့ အာကာသတပ်ဖွဲ့ တွေလိုမျိုးအထိ ပါဝင်ချီတက်ကြပါတယ်။
ဒါ့ပြင် တရုတ်နိုင်ငံရဲ့ DF-41 တာဝေးပစ်တိုက်ချင်းပစ်ဒုံးပျံပြီးနောက် ခေတ်အမီဆုံးဖြစ်ပြီး အသစ်တီထွင်ခဲ့တာဖြစ်တဲ့ DF-61 တာဝေးပစ်တိုက်ချင်းပစ်ဒုံးပျံကိုလည်း စစ်ရေးပြပွဲမှာ ပထမဆုံး ထုတ်ဖော်ပြသခဲ့ပါတယ်။

◾ အနာဂတ်စစ်ပွဲ
မြို့တော် ပေကျင်းမှာ ပြုလုပ်ခဲ့တဲ့ ဒီစစ်ရေးပြပွဲက တရုတ်နိုင်ငံအနေနဲ့ အနောက်အုပ်စုနဲ့ ယှဉ်ပြိုင်နိုင်ဖို့သာမကဘဲ အနာဂတ်စစ်ပွဲအတွက် ပြင်ဆင်မှုပြုလုပ်နေတယ်ဆိုတာကိုပါ ဖော်ပြသလိုလည်းဖြစ်ခဲ့ပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က သူ့ရဲ့ အကြီးမားဆုံးသော ဒရုန်းလက်နက်တွေအပြင် တိကျတဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ လေကြောင်းထောက်လှမ်းမှုတာဝန်တွေကိုပါဆောင်ရွက်နိုင်တဲ့ လူ လိုက်ပါခြင်းမရှိဘဲ မောင်းနှင်နိုင်တဲ့ GJ-11 ကိုလည်း ပြသသွားခဲ့ပါတယ်။

PCL-191 လို့လည်းသိကြတဲ့ ဒုံးပျံပစ်စင် PHL-16 ကိုလည်း ချီတက်ပွဲမှာ တွေ့ရပါတယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံအနေနဲ့ တကယ်လို့များ တိုင်ဝမ်ရေလက်ကြားမှာ အရေးပေါ်အခြေအနေတွေဖြစ်လာရင် တာဝေးတိုက်ခိုက်နိုင်မှု စွမ်းရည်တွေ ထုတ်ဖော်ပြလာနိုင်တဲ့အခြေအနေရှိတယ်လို့ယုံကြည်ရပါတယ်။
◾ နျူကလီယားအလေးထားမှု
နိုင်ငံရဲ့နျူကလီယားလက်နက်တွေကိုကြီးကြပ်မှုပြုတဲ့ ဒုံးကျည်တပ်ဖွဲ့တွေအပေါ် ရှီရဲ့လာဘ်စားမှု တိုက်ဖျက်ရေးဆောင်ရွက်ချက်အရ မေးခွန်း ထုတ်တာတွေရှိပေမယ့် ဒီချီတက်ပွဲမှာ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အနေနဲ့ နျူကလီးယားလက်နက်တွေအပေါ် အလေးထားအာရုံစိုက်မှုကိုလည်း တွေ့ရပါတယ်။

တာဝေးပစ် နျူကလီးယားဒုံးကျည် DF-31 ရဲ့ ရွှေ့ပြောင်းနိုင်တဲ့မျိုးကွဲဖြစ်တဲ့ DF-31BJ တာဝေးပစ် နျူ ကလီးယားဒုံးကျည်ကိုလည်း လွတ်မြောက်ရေးတပ်မတော်က ချီတက်ပွဲမှာပြသလာပါတယ်။ လက်ရှိမှာ DF-31 မျိုးကွဲတွေထဲမှာ အဆင့်အမြင့်ဆုံးဖြစ်တဲ့ DF-31AG ကို အဆင့်မြှင့်ပြီး ထုတ်လုပ်ခဲ့တာလို့ ယူဆရပါတယ်။ ဒီဒုံးပျံက ကီလိုမီတာ ၁၁၂၀၀ ကျော်(၆၉၅၉ မိုင်) အထိ ပစ်ခတ်နိုင်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလကစမ်းသပ်ပစ်လွှတ်ခဲ့တာပါ။ဒါက ၄၄ နှစ်အတွင်း တရုတ်နိုင်ငံရဲ့ ပထမဆုံး နျူကလီးယား ဒုံးပျံစမ်းသပ်ပစ်လွှတ်မှုလည်းဖြစ်ပါတယ်။

◾ ကမ္ဘာ့ခေါင်းဆောင်များတက်ရောက်မှု
အရှေ့တောင်အာရှနဲ့ အာရှအလယ်ပိုင်းနိုင်ငံတွေအပါအဝင် ကမ္ဘာတစ်ဝန်းမှနိုင်ငံ့ခေါင်းဆောင် ၂၆ ဦးက ဒီချီတက်ပွဲကိုတက်ရောက်ခဲ့ကြပါတယ်။ ဒါက တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှုကိုပြတာလို့လည်းဆိုရမှာပါ။
ဥရောပတိုက်ကဆိုရင်တော့ ဆာဘီးယားသမ္မတ အလက်ဇန်းဒါး ဗူစစ်နဲ့ ဆလိုဗက်ဝန်ကြီးချုပ်ရောဘတ် ဇီကိုတို့ တက်ရောက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနှစ် ချီတက်ပွဲမှာ ၂၀၁၅ ခုနှစ်ကလို ပြည်ပနိုင်ငံတွေက တပ်ဖွဲ့ဝင်တွေ ပါဝင်ချီတက်တာမရှိဘဲ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် သာ ပါဝင်ချီတက်တာကို တွေ့ရပါတယ်။
Ref -SCMP
