၃. ၉. ၂၀၂၅
Written by Phyo Wei
တရုတ်နိုင်ငံမှာ အခု ကျင်းပနေတဲ့ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူတွေ ဖက်ဆစ်ဂျပန်ကို တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အခမ်းအနားကို ကမ္ဘာ့နိုင်ငံ ၂၆ နိုင်ငံက အကြီးအကဲတွေ တက်ရောက်နေသလို မြန်မာနိုင်ငံက ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ပါဝင်တက်ရောက်နေပြီး ဒီတက်ရောက်နေမှုမှာ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ မြောက်ကိုရီးယား စတဲ့ နိုင်ငံ့အကြီးအကဲတွေများစွာနဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့သလို လာအိုသမ္မတနဲ့လည်း တရုတ်နိုင်ငံမှာ တွေ့ဆုံပြီး ခရီးသွားကဏ္ဍနဲ့ ကုန်သွယ်မှုကဏ္ဍတွေ အခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့တာ ဒီတစ်ပတ်မှာ တွေ့မြင်ရပါတယ်။
အခြားတစ်ဖက်မှာလည်း မြန်မာ့စီးပွားရေးကိုပါ ထိခိုက်ပျက်ပြားစေခဲ့တဲ့ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုမှာ အထိအနာဆုံးဖြစ်တဲ့ မန္တလေးမြို့က လူသေဆုံး၊ ပျောက်ဆုံးမှုအများဆုံး Sky Villa က သေဆုံးသူတွေကို တစ်ဦး ကျပ် သိန်းတစ်ရာပေးမယ်လို့ဆိုပေမဲ့ ဆုံးရှုံးခဲ့တဲ့ မိသားစုဝင်တွေကတော့ တာဝန်ယူမှူ တာဝန်ခံမှု ရှိရှိ တောင်းပန်ဖို့ ပိုမို လိုလားနေကြတာနဲ့ ဒီနေ့ဒီအချိန်အထိ လူရာချီသေဆုံးခဲ့တဲ့ ဒီ Sky Villa က တည်ဆောက်သူတွေကို စစ်ဆေးတာ၊ အရေးယူတာ ပြည်သူမမြင်ရသေးတဲ့ဖြစ်စဉ်တွေ၊ ငလျင်ဒဏ်သင့်နယ်မြေဒေသတွေ ပြန်လည်ထူထောင်ရေးရန်ပုံငွေကို ဦးစားပေးကဏ္ဍ ၇ ခုအတွက် စက်တင်ဘာလမှာ စတင်ထုတ်ချေးနိုင်ရေး ဆောင်ရွက်ဖို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ညွှန်ကြားလာတာတွေ၊ ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရေးအတွက် အနည်းဆုံးတစ်ကွင်းတစ်စပ်တည်း ဧက ၃၀၀ စိုက်ပျိုးနိုင်မယ့် Rice Export Zone တွေကို မြို့နယ် ၁၀၀ ခန့်မှာ ဖော်ဆောင်သွားမယ်ဆိုတာတွေ၊ TNLA နဲ့ MDY-PDF တို့ ခေတ္တစိုးမိုးထားတဲ့ အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင် သတ္တုတွင်းဒေသကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို ဒီလို ထိန်းချုပ်နိုင်မှုကြောင့် အဆမတန်မြင့်တက်လာတဲ့ ဘိလပ်မြေစျေးတွေ ပြန်လည်ကျဆင်းနိုင်မယ့်အခြေအနေတွေ တွေ့ခဲ့ရပေမယ့် ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကိုတော့ မြန်မာ-တရုတ် နယ်စပ်ဒေသ မတည်ငြိမ်မှုကြောင့် ထိခိုက်နေရတဲ့ ယူနန်စီးပွားရေးနဲ့ အိန္ဒိယဝင်ပါလာတဲ့ မြေရှားထုတ်လုပ်ရေးကဏ္ဍတွေအကြောင်းကို သုံးသပ်ချင်ပါတယ်။
◾ နယ်စပ်ဒေသ မတည်ငြိမ်မှုကြောင့် ထိခိုက်နေရတဲ့ ယူနန်စီးပွား

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ မိုင်ပေါင်း ၁၃၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေတဲ့အတွက် နှစ်နိုင်ငံအကြား စီးပွားရေး၊ လူမှုရေး၊ နယ်စပ် ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးတို့ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေသလို တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုအများဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်လို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးက ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်မှာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀၀ ကျော်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၇၇၀၀ ကျော်နဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဇူလိုင်လအထိ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကျော်ရှိတဲ့အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ခိုင်မာ အားကောင်းတာကို တွေ့မြင်ရမှာဖြစ်တယ်လို့ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုအချိန်မှာတော့ မြန်မာနိုင်ငံနဲ့ တိုက်ရိုက်ထိစပ်နေတဲ့ ယူနန်ပြည်နယ်ဟာ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာတော့ မြန်မာ-တရုတ် နယ်စပ်ဒေသ မတည်ငြိမ်မှုတွေကြောင့် ကုန်သွယ်မှုကျဆင်းပြီး ယူနန်ပြည်နယ်စီးပွားရေးကိုလည်း ထိခိုက်နေတာကို တွေ့ရှိလာရပါတယ်။
ဒီနေရာမှာ မြန်မာဘက်ခြမ်းစစ်ပွဲတွေကြောင့် ယူနန်စီးပွားရေးဘယ်လောက်ကျဆင်းလဲဆိုတာကို မြန်မာနဲ့ တရုတ်နိုင်ငံကြား နယ်စပ်ကုန်သွယ်မှုတွေကို ပြန်ပြီးကြည့်ရပါမယ်။ ဒီလိုပြန်ကြည့်တဲ့အခါ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တရားဝင်စာရင်းတွေအရ မြန်မာနိုင်ငံက ပြည်ပကုန်သွယ်မှု ဒေါ်လာ ဘီလျံ ၃၀ ကျော်မှာ နယ်စပ်ကုန်သွယ်မှုက ၁၀ ဘီလျံကျော်ရှိပြီး တရုတ်နဲ့ကုန်စပ်ကုန်သွယ်မှုကတင် ၅ ဘီလျံကျော်၊ ၆ ဘီလျံနီးပါးပါ။ တရားမဝင်စာရင်းတွေအရဆိုရင် အနည်းဆုံး တရုတ်နယ်စပ်ကုန်သွယ်မှုက ဒေါ်လာ ဆယ်ဘီလျံကျော်ရှိနိုင်တဲ့အနေအထားပါ။ အဲဒီအနေအထားကနေ တရုတ်ကျားဖြန့်တွေကို နှိမ်နင်းမယ်လို့ MNDAA နဲ့ TNLA တို့ ကြွေးကြော်ပြီး ၁၀၂၇ စစ်ဆင်ရေးကို စလိုက်တဲ့အချိန်ကစ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းတွေ ပိတ်ဆို့ ပြတ်တောက်ကုန်လို့ ယူနန်ပြည်နယ် အထိနာခဲ့ရပါတယ်။ ပိုဆိုးတာက ကုန်းတွင်းပိတ်နေသလို တရုတ်ပြည်နယ်တွေထဲမှာလည်း အလယ်အလတ်အဆင့်ပဲရှိတဲ့ ယူနန်ပြည်နယ်ဟာ သူ့ပြည်နယ်ဖွံ့ဖြိုးဖို့ ပင်လယ်ထွက်ပေါက်မျှော်လင့်နိုင်မယ့် BRI မှာလည်း အဓိက အချက်အချာကျပြည်နယ်ဖြစ်နေပေမဲ့ မြန်မာဘက်က စစ်ပွဲတွေကြောင့် စီမံကိန်းတွေ ရှေ့မဆက်နိုင်ဖြစ်နေရသေးတာပါ။ ဒါတွေကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နယ်စပ်ဒေသကုန်သွယ်ရေးဟာ နှစ်နိုင်ငံပြည်သူတွေရဲ့ လူမှုစီးပွားဘဝ တိုးတက်ရေးကို တိုက်ရိုက် အထောက်အကူ ပြုနေတာကြောင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းပြီး ကုန်သွယ်ရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်စေဖို့ တတ်နိုင်သရွေ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့တာ တွေ့ရပါတယ်။
ဒီနေရာမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲက တရုတ်ဝန်ကြီးချုပ်လီချန် မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံနယ်စပ်ဂိတ်တွေဟာ အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိရမှာဖြစ်ပြီး အပြည့်အ၀စီမံခန့်ခွဲနိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောခဲ့တာကို ပြန်အမှတ်ရချင်စရာပါ။ တရုတ်ဝန်ကြီးချုပ်လီချန်ပြောခဲ့တာဟာ အခုရက်ပိုင်းအတွင်း ဆယ်လပြည့်မှာဖြစ်ပြီး လာမယ့် နိုဝင်ဘာ ၆ ရက်ဆို တစ်နှစ်ပြည့်မှာပါ။ ဒီလိုမျိုး ဆယ်လပြည့်လုအချိန်အထိ တရုတ်ဝန်ကြီးချုပ်ကတိပေးခဲ့တဲ့ နှစ်နိုင်ငံနယ်စပ်ဂိတ်တွေ အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်ရှိဖို့ဆိုတာက အကောင်အထည်မပေါ်သေးသလို အကောင်အထည်ပေါ်ဖို့အတွက်လည်း ၁၀၂၇ စစ်ဆင်ရေးနဲ့ ကျားဖြန့်တွေနှိမ်နင်းပါမယ်ဆိုပြီး နယ်မြေလုခဲ့တဲ့ ရှမ်းမြောက်က လက်နက်ကိုင်တွေထဲ TNLA က တင်းခံနေတဲ့ပုံစံမြင်ရပါတယ်။ TNLA တင်းခံနေတဲ့အပြင် တပ်မတော်နဲ့ ပြေလည်ရေး ညှိနှိုင်းမှုတွေမှာလည်း TNLA ဘက်က စစ်ရေးပဲရွေးမယ်လို့ ထပ်ခါတလဲလဲ တင်းမာနေတာကြောင့် မပြေလည်မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ TNLA ကြောင့် စစ်ပွဲကြာလာလေလေ၊ ယူနန်ပြည်နယ် တိုးတက်မှုဝေးလေလေဖြစ်မယ့်အပြင် ယူနန်ပြည်နယ်နဲ့ ချိတ်ဆက်နေတဲ့ မူဆယ်-မန္တလေး မီးရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းနဲ့ မန္တလေး- ကျောက်ဖြူမီးရထားလမ်းစီမံကိန်း စတဲ့ တရုတ်ရဲ့ မဟာဗျူဟာ ပိုးလမ်းမစီမံကိန်း BRI နှောင့်နှေးလေဖြစ်မယ်ဆိုတာတွေကတော့ အသေအချာမို့လို့ နှစ်နိုင်ငံ Win Win Situation ဖြစ်ဖို့ဆိုရင် တရုတ်ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေ တိုက်ဖျက်မယ်လို့ အယုံသွင်းပြီး အင်အားစုယူ နယ်မြေလုယက်ခဲ့တဲ့ လက်နက်ကိုင်တွေ ပိုမိုငြိမ်ဝပ်ပိပြားအောင် တရုတ်နိုင်ငံက အခုထက်ပိုမို ကူညီလုပ်ဆောင်ပေးဖို့ လိုအပ်နေသေးတယ်လို့ပဲ ပြောရတော့မှာပါ။
◾ အိန္ဒိယဝင်ပါလာတဲ့ မြေရှား

“ကျွန်ုပ်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တီယန်ကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အရှေ့နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒနှင့် အိမ်နီးချင်းဦးစားပေးရေးမူဝါဒများ၏ အရေးပါတဲ့ မဏ္ဍိုင်တစ်ခု ဖြစ်ပါတယ်။ ကုန်သွယ်ရေး၊ ချိတ်ဆက်ဆောင်ရွက်ရေး၊ စွမ်းအင်၊ မြေရှားသတ္တုတူးဖော်ရေးနှင့် လုံခြုံရေးကဏ္ဍတွေမှာ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖို့အတွက်အလားအလာကောင်းများရှိကြောင်း ကျွန်ုပ်တို့နှစ်ဦးသဘောတူညီခဲ့ကြပါသည်။”လို့ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက မြန်မာ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဩဂုတ် ၃၁ ရက် ညနေ ၅ နာရီက တရုတ်နိုင်ငံ တီယန်ကျင်းမြို့က Wanda Vista ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးအပြီး X မှာ မြန်မာဘာသာစကားနဲ့ ရေးသားခဲ့တာ တွေ့ရပါတယ်။
ဒီနေရာမှာ ထူးထူးကဲကဲပါလာတာက မြေရှားကိစ္စပါ။ အခြားသော အချက်အဖြစ် လုံခြုံရေးပူးပေါင်းဆောင်ရွက်ဖို့ဆိုတာက မြန်မာနဲ့ အိန္ဒိယအကြား မထူးခြားတဲ့ဖြစ်ရပ်အဖြစ် ရှေးယခင်ကတည်းက အခိုင်အမာရှိနေခဲ့တာပါ။ နယ်စပ်က သူပုန်တွေကို နှိမ်နင်းနေရတဲ့ ပြဿနာ တူညီတဲ့ အိန္ဒိယနဲ့ မြန်မာအကြားမှာ စစ်ရေးအဆင့်အထိ ပူးပေါင်းဆောင်ရွက်မှုတွေဆို အိန္ဒိယ အရှေ့မြောက်ပြည်နယ်တွေဆီက ခွဲထွက်ရေးလက်နက်ကိုင်တို့ အခြေချရာ ကွန်းခိုရာဟာ မြန်မာဘက်ခြမ်းဖြစ်လာချိန် သူပုန်တွေက မြန်မာ့နယ်နိမိတ်ထဲခိုရာကနေ အိန္ဒိယနယ်နိမိတ်ထဲ စိမ့်ဝင်တိုက်ခိုက်ကြလို့ ၁၉၉၅ ခုနှစ် ရွှေငှက်စစ်ဆင်ရေး (Operation Golden Bird)၊ NLD အစိုးရဟောင်းလက်ထက် Operation Sunrise စစ်ဆင်ရေး စတာတွေနဲ့ သူပုန်တွေကို ချေမှုန်းဖို့ နှစ်နိုင်ငံပူးတွဲစစ်ဆင်ရေးတွေ လုပ်ဆောင်နှိမ်နင်းခဲ့တာ သာဓကပါပဲ။ ဒါ့အပြင် ၂၀၂၁ နွေဦးတော်လှန်ရေးမှာလည်း ချင်းသူပုန်လက်နက်ကိုင်တွေ အိန္ဒိယက လက်မခံသလို ပြီးခဲ့တဲ့ မေလ ၁၆ ရက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ကမ္မကြီးကျေးရွာအနီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ် မြန်မာပြည်ဘက်အခြမ်းမှာ ထကြွနေတဲ့ NUG ဩဇာခံ တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)အဖွဲ့ဝင် ဆယ်ဦးက အိန္ဒိယနယ်နိမိတ်အတွင်း ဝင်ရောက်ချိန် နှိမ်နင်းလိုက်တာလည်း အတိအလင်းရှိခဲ့သေးတာကြောင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုက ထူးပြီး မဆန်းတဲ့အခြေအနေပါ။
ဒီလိုအချိန်မှာ အိန္ဒိယ ဝင်ပါလာဖွယ်ရှိတဲ့ မြန်မာ့မြေရှားကတော့ လက်ရှိအချိန်မှာ တရုတ်နယ်စပ်ဘေးက ‘၀’ လက်နက်ကိုင် UWSA နဲ့ ကချင်လက်နက်ကိုင် KIA တို့ပဲ အကျိုးဖြစ်ထွန်းနေပြီး ဂျပန်သတင်းဌာန Nikkei Asia ဖော်ပြချက်အရဆိုလည်း မြန်မာနိုင်ငံနဲ့ပြည်သူတွေအဖို့ နှမြောတသဖြစ်ချင်စရာအချက်အဖြစ် မြန်မာနိုင်ငံဟာ ကမ္ဘာ့မြေရှားသတ္တုထုတ်လုပ်မှုရဲ့ ၈ ရာခိုင်နှုန်းခန့်ကို ၂၀၂၄ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး တရုတ်နဲ့ အမေရိကန်နောက် တတိယနေရာမှာ ရပ်တည်ခဲ့တာပါ။ ဒီလို ရပ်တည်ခဲ့ပေမဲ့ ဒီသတ္တုတွေအကုန်လုံးကို တရုတ်ကို တင်ပို့ခဲ့ရပြီး ဒီလို တင်ပို့မှုတွေထဲဆို ၂၀၂၁ ခုနှစ်မှာ တပ်မတော်က အာဏာမထိန်းသိမ်းမီ NLD အစိုးရဟောင်းကာလ လေးနှစ်အတွင်း မြန်မာ့မြေရှားသတ္တုတင်ပို့မှုက အမေရိကန်ဒေါ်လာ ၆၆၅ သန်းသာရှိခဲ့ပေမဲ့ ၂၀၂၁ ကနေ ၂၀၂၄ ခုနှစ်အတွင်း တင်ပို့မှုက ၅ ဆကျော်အထိ မြင့်တက်ပြီး ဒေါ်လာ ၃ ဒသမ ၆ ဘီလျံခန့်အထိ ရောက်ရှိခဲ့တယ်ဆိုတာပါ။ ဒီလို တင်ပို့မှု ဒေါ်လာ ၄ ဘီလျံကျော်ဟာ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှု ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော်ထက် သန်း ၄၀၀ ကျော်ပိုများနေလို့ မြေရှားက ရငွေသာ နိုင်ငံတော်မှာရှိခဲ့ရင် မြန်မာ့ငလျင်ဘေးအခက်အခဲကို ပိုမိုလွယ်လွယ်ကူကူကျော်ဖြတ်နိုင်မှာဖြစ်ပေမဲ့လည်း တကယ့်လက်တွေ့မှာတော့ ဒီမြေရှားတင်ပို့မှုက အကျိုးအမြတ်ကို UWSA နဲ့ KIA အပါအဝင် လက်နက်ကိုင်တွေကပဲ ရရှိသွားကြပြီး ဒီလိုမျိုး ရရှိမှုအကျိုးဆက်ဟာ လက်နက်ကိုင်တွေရဲ့ မိသားစုတွေ ပြည်ပမှာ ထင်သလို နေနိုင်ခွင့်နဲ့ စစ်ပွဲတွေကိုဖြစ်စေတဲ့အကျိုးဆက်ဖြစ်လာစေခဲ့တာပါ။ စစ်တမ်းတွေအရလည်း သယံဇာတတွေ၊ နယ်မြေတွေချုပ်ကိုင်ထားပြီး စီးပွားဖြစ်ရာဒေသတွေက ပြည်တွင်းစစ်ကို ဖန်တီးကြတာမို့လို့ နိုင်ငံနဲ့ပြည်သူဟာ သယံဇာတထွက်လေ ပြည်နာလေဖြစ်နေပြန်ပါသေးတယ်။ ဒီမြေရှားအရေးအတွက် ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ အမေရိကန်ကလည်း စိတ်ပါဝင်စားမှုပြနေလို့ မြန်မာ့မြေရှားကနေ တိုက်ရိုက်အကျိုးရှိနေတဲ့ တရုတ်၊ UWSA ၊ KIA နဲ့ အမေရိကန်အပြင် အခု အိန္ဒိယပါ ပါဝင်လာပြန်တာပါ။ ဒီလိုငါးပွင့်ဆိုင် အခင်းအကျင်းမှာ မြန်မာ့သယံဇာတကို မြန်မာနိုင်ငံနဲ့ ပြည်သူအကျိုးရှိအောင် လုပ်ဆောင်ပေးရမယ့် တပ်မတော်နဲ့အစိုးရက တရုတ်သာမက တခြားနိုင်ငံတွေဆီပါ တရားဝင်ပို့ကုန်အဖြစ် စျေးကွက်ယှဥ်ပြိုင် တင်ပို့နိုင်အောင် ဘယ်လောက်အထိ စွမ်းဆောင်ပြမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်လာသလို ဒီလို ငါးပွင့်ဆိုင်အနေအထားက မြန်မာ့မြေရှားဟာ မြန်မာ နိုင်ငံနဲ့ပြည်သူတိုးတက်ဖို့အတွက်ပဲ သုံးစွဲသင့်တဲ့အရာဖြစ်တယ်ဆိုတာကို လက်ဝါးကြီးအုပ်ထားတဲ့ UWSA နဲ့ KIA အပြင် အကျိုးအမြတ်အဓိကရနေတဲ့ တရုတ်နိုင်ငံကိုလည်း အမေရိကန်၊ အိန္ဒိယတို့နဲ့ ဟန်ချက်ညီအောင် တင်ပို့နိုင်ဖို့ ကြံဆောင်သင့်ချိန် တန်ပါပြီလို့ ထင်မြင်မိတာ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။
